November 13, 2024
photo_2024-11-09_14-54-23

ပုံစာ။ ကျိုက်ထိုမြို့မရဲစခန်းက လာရောက်ဖမ်းဆီးကြောင်း အသိပေးထားသည့် ငါးမင်းဆွေ၏ Tiktok အသိပေးရုပ်ပုံ။

၉.၁၁.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်ဆိုသော လူသိများသူတစ်ဦးဖြစ်သည့် ငါးမင်းဆွေကို ယနေ့ နိုဝင်ဘာ ၉ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း ကနဦး သတင်းများအရ သိရသည်။

“သူက အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို လက်ထပ်ခွင့်တောင်းတာမျိုးလည်း လုပ်ခဲ့သေးတာ။ အခု သူက တပ်ချုပ်ကြီးတို့ကို စိန်ခေါ်ထားတာ ရှိတယ်။ ထုံးစံအတိုင်း လူမှုကွန်ရက်မှာပေါ့။ ပြီးတော့ မမစုကို လွှတ်ပေးပါ ဘာညာ ပြောသေးတာ။ သူ့ကို တရားစွဲထားတာသိလို့ ရှောင်တိမ်းတဲ့အနေနဲ့ မွန်ပြည်နယ်ဘက်ကို သွားတာလည်း ဖြစ်နိုင်တာပေါ့လေ။ ဒါပေမဲ့ အခုက ဖမ်းမိပြီ။ ရန်ကုန်ကို ပြန်လွှဲရမှာ။ ကျိုက်ထိုက တစ်ဆင့် ရန်ကုန်ကို လွှဲမှာ”ဟု ရဲတပ်ဖွဲနှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

အသက် ၆၇ နှစ်အရွယ်ရှိ ဦးမင်းဆွေ(ခ) ငါးမင်းဆွေသည် ယခင် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပြောဆိုမှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင် ၇ နှစ်နှင့် ဒဏ်ငွေ ကျပ် ၁ သိန်းပြစ်ဒဏ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ကျခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် လက်ရှိအစိုးရကာလ ၂၀၂၁ ခုနှစ်အတွင်း လွတ်ငြိမ်းသက်သာခွင့်ရရှိကာ ပြန်လွတ်လာသူဖြစ်သော်လည်း ယခုအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဝေဖန်ပြောဆိုနေကာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောဆိုနေပြန်သည့်အတွက် ၎င်းအနေဖြင့် စိတ်ပုံမှန်မဟုတ်သည့် ရောဂါတစ်ခုခု ဖြစ်နေပုံရကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။

ယခု ဖမ်းဆီးခံရသူ ငါးမင်းဆွေကိုယ်တိုင်ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ လာရောက်ဖမ်းဆီးကာ လှိုင်မြို့နယ်ရဲစခန်းမှ အမှုဖွင့်ထားသည့် ပုဒ်မ ၅၀၅ (က) ရင်ဆိုင်ရန် ရန်ကုန်သို့ လွှဲပို့မည်ဖြစ်ကြောင်းလည်း Tiktok တွင် နောက်ဆုံးအသိပေးထားသည်။

ပုံစာ။ ကျိုက်ထိုမြို့မရဲစခန်းက လာရောက်ဖမ်းဆီးကြောင်း အသိပေးထားသည့် ငါးမင်းဆွေ၏ Tiktok အသိပေးရုပ်ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *