၉.၁၁.၂ဝ၂၄
Written by K Pyay Thein
ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူတွေကို ဒဏ်ကြေးကောက်ခံမှာဖြစ်ပြီး ရက်ပေါင်းများစွာသက်တမ်းကျော်လွန်နေထိုင်သူတွေကိုတော့ ပြည်ဝင်ခွင့်ပိတ်ပင်သွားမယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေနဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (B.E.2522)နဲ့အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်တွေကို အထူးအလေးထား အရေးယူဆောင်ရွက်နေပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာခြင်းမရှိဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူတွေကို ယခုနှစ် နိုဝင်ဘာလ ၈ ရက် နောက်ပိုင်းမှစတင်လို့ အရေးယူဆောင် ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူ (မည်သည့်အထောက်အထားလက်မှတ်ကိုင်ဆောင်သူမဆို)တစ်ရက်ကျော်လွန်နေထိုင်ပါက ဒဏ်ကြေးဘတ် ၅၀၀ နှုန်းနဲ့ စုစုပေါင်းဘတ် ၂၀,၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေကို လူဝင်မှု ကြီးကြပ်ရေးဗျူရိုမှာ ခြွင်းချက်မရှိ ပေးဆောင်ရမှာဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။
ဒါ့အပြင် သက်တမ်းလွန်နေထိုင်သူတွေအနေနဲ့ သူတို့နေထိုင်ခဲ့တဲ့ သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန် လည်ဝင်ရောက်ခွင့်တွေကို ပိတ်ပင်သွားမှာဖြစ်သလို ရက်ပေါင်း (၉၀)အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်(၁)နှစ်၊ (၁)နှစ်နဲ့အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်(၃)နှစ်၊ (၃)နှစ်နဲ့အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်(၅)နှစ်၊ (၅)နှစ်နဲ့အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်(၁၀)နှစ်ပိတ်ပင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“အခု ထိုင်းအစိုးရဘက်က အတော်လေးကြပ်မယ့်အနေအထားရှိတယ်။ ဘာပဲပြောပြော အစစ၊ အရာရာပေါ့လေ၊ဂရုတစိုက်သွားလာနေထိုင်သင့်သလို အထောက်အထားတွေမရှိရင်လည်း အထောက်အထားတွေ သေချာလုပ်ထားကြဖို့ သက်တမ်းတိုးကိစ္စတွေကိုလည်း မမေ့မလျော့လုပ်ဆောင်ကြဖို့ လိုပါတယ်။ အခု သူတို့ထုတ်ပြန်တဲ့အထဲမှာ ပြည်ဝင်ခွင့်ပါပိတ်မယ်ဆိုတာ ပါလာတယ်။ အရင်ကတော့ အဲ့လိုပိတ်တာမျိုး မကြားမိဘူး။ အရင်ကဆို ဖမ်းမိရင်တောင်သူတို့ ထိန်းသိမ်းရေးစခန်းတွေမှာထားတယ်။ အချိန်တန်ရင်ပြန်ပို့တယ်။ နောက်ပြန်လာလို့ရတယ်။ အခုသူတို့ထုတ်ပြန်တဲ့အတိုင်းဆိုရင် ရက်လွန်နေထိုင်ရင် သူတို့အထဲ ပြန်မဝင်ခိုင်းတော့ဘူးဆိုတာပါ ပါလာတယ်။ ပြည်ဝင်ခွင့်ပိတ်မယ်ပေါ့။ ဒါကို မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဂရုပြုသင့်ပါတယ်”လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူတစ်ဦးက MT News သို့ ပြောပြပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီ ရှိနေပြီး တရားဝင်နေထိုင်သူတွေရော၊ တရားဝင်နေထိုင်သူတွေပါများစွာရှိနေတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။
“ထိုင်းဘက်ကို မြန်မာဘက်က ရွှေ့ပြောင်းလုပ်သားတွေက နေ့တိုင်းလိုလို တရားဝင်လမ်းကြောင်းကရော အောက်လမ်းကရောဝင်နေကြတာလေ။ ဟိုမှာက တရားဝင်နေထိုင်တဲ့သူတွေရော၊ ဘာအထောက်အထားမှမရှိဘဲ နေတဲ့သူတွေရော အများကြီးရှိပါတယ်။ တချို့ဆို ထိုင်းရဲတွေကထုတ်ပေးထားတဲ့ အသိအမှတ်ပြုလက်မှတ်နဲ့ နေကြရတာတွေလည်းရှိပါတယ်။ ပုံစံမျိုးစုံပါပဲ”လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတိပြုလိုက်နာကြဖို့နဲ့ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်တာတွေ အပါအဝင် ဒဏ်ကြေးပေးဆောင်ရတာတွေနဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခံရခြင်းတို့ကို မဖြစ်ပွားစေဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အသိပေးနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး။