November 13, 2024
photo_2024-11-09_12-35-26

၉.၁၁. ၂၀၂၄
Translated by Htwe Ko Tun

နယ်သာလန်နိုင်ငံ၏မြို့တော် အမ်စတာဒန်မြို့တွင် နိုဝင်ဘာ ၇ ရက်ညက ယှဉ်ပြိုင်ကစားကြသော နယ်သာလန်ဘောလုံးကလပ်အသင်း Ajax နှင့် အစ္စရေးဘောလုံးအသင်း Maccabi Tel Aviv တို့ ယှဉ်ပြိုင်ကစားကြသည့်ပွဲသို့ လာရောက်အားပေးကြသည့် အစ္စရေးဘောလုံးအသင်း၏ ပရိသတ်များမှာ ပါလက်စတိုင်းထောက်ခံဆန္ဒပြသူများက လူစုလူဝေးဖြင့်တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း နယ်သာလန် အာဏာပိုင်များက နိုဝင်ဘာလ ၈ ရက်တွင် ပြောကြားခဲ့ကြသည်။

ထိုတိုက်ခိုက်မှုများကြောင့် လူငါးဦးဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကာ ဖြစ်ရပ်အပြီးတွင် အများအပြားကို ဖမ်းဆီးထားကြောင်းလည်း သိရသည်။ ထိုတိုက်ခိုက်မှုများက ဂျူးမုန်းတီးရေးလုပ်ရပ်များအဖြစ်လည်း အမ်စတာဒမ်မြို့၊ အစ္စရေးနှင့် ဥရောပ တစ်ဝန်းရှိအာဏာပိုင်များက ရှုတ်ချခဲ့ကြသည်။

ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားသည်မှစ၍ပင် ဥရောပတိုက်၌ ဂျူးမုန်းတီးရေးပြောကြားလှုံ့ဆော်မှုများ၊ အများပိုင်ပစ္စည်းဖျက်ဆီးမှုများနှင့် အကြမ်းဖက်မှုများက ဥရောပတိုက်အတွင်း မြင့်တက်လာနေခဲ့ပြီး အဆိုပါ ဘောလုံးပွဲမကျင်းပမီကပင် အမ်စတာဒမ်မြို့၌ တင်းမာမှုများက ဖြစ်ပွားလျက်ရှိသည်။

အာဏာပိုင်များက ပါလက်စတိုင်းထောက်ခံဆန္ဒပြသူများအား ဘောလုံးကွင်းအပြင်ဘက်၌ စုဝေးမှုကို ပိတ်ပင်ထားခဲ့ကြပြီး များပြားလှသောလူစုလူဝေးရှိသည့် အစ္စရေးပရိသတ်ကြီးကလည်း ဘောလုံးကွင်း သို့ ၎င်းတို့သွားရာလမ်း၌ အာရပ်ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ်လာကြသည်ကို ဗီဒီယိုများ၌ တွေ့ကြရသည်။ ထို့နောက်တွင်မူ အမ်စတာဒမ်မြို့အတွင်း ရှုပ်ယှက်ခတ်နေသောလမ်းများပေါ်၌ ဆိုင်ကယ်အသေးစားများနှင့် လမ်းလျှောက်သွားနေသော လူငယ်များက အစ္စရေးပရိသတ်များကို ဝင်ရောက်၍ လက်သီးနှင့်ထိုးခြင်း၊ ခြေထောက်နှင့်ကန်ကျောက်ခြင်းများပြုလုပ်ကာ ရဲတပ်ဖွဲ့ဝင်များမလာမီ ရှောင်တိမ်းထွက်ပြေးခဲ့ကြကြောင်း မြို့တော်ဝန် ဖမ်ကီ ဟာလ်ဆီမာက ပြောခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက အစ္စရေးဘောလုံးအသင်းပရိသတ်အချို့အား ဟိုတယ်များသို့စောင့်ရှောက်၍ ပြန်ပို့ပေးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဒဏ်ရာရလူငါးယောက်ကိုမူ ဆေးရုံသို့ တင်ပို့ကုသမှုပြုခဲ့ရပြီး ပြန်လည်ဆင်းသွားပြီဖြစ်ကြောင်းလည်း သိရသည်။ လူ ၂၀ မှ ၃၀ အထိမှာမူ အသေးအမွှားဒဏ်ရာလေးများသာ ရခဲ့ကြသည်။ ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၆၂ ဦးကိုဖမ်းဆီးခဲ့ပြီး ၁၀ ယောက်မှာ ဖမ်းဆီးချုပ်နှောင်ထားဆဲဟု နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပသော သတင်းစာရှင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ ရုံးမှ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာတွင် ထိတ်လန့်တုန်လှုပ်ဖွယ်အဖြစ်အပျက်တစ်ရပ်အဖြစ်လည်း ပြောကြားခဲ့ကာ နယ်သာလန်အစိုးရက တက်ကြွမြန်ဆန်စွာ အရေးယူပေးရန်လည်း ဖော်ပြခဲ့ကြောင်း သိရသည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *