၉.၁၁.၂၀၂၄
Written By Zun
NLD အစိုးရဟောင်း လက်ထက်က လျှပ်စစ်ဝန်ကြီးဟောင်းတာဝန်ယူခဲ့သူ အသက် ၇၄ နှစ်အရွယ် ဦးဝင်းခိုင်ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဦးဝင်းခိုင်မှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ (၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ နိုဝင်ဘာ ၈ ရက် ည ၁၀ နာရီခန့်အချိန်၌ ကွယ်လွန်သွားခဲ့ကြောင်း၊ ယင်းကြောင့် ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီအချိန်တွင် မန္တလေးဆေးရုံကြီးရေခဲတိုက်ကတစ်ဆင့် ကြာနီကန် သုဿာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
“သူက စီးပွားရေးလုပ်ရင်းနဲ့ သူ့ရဲ့ အင်ဂျင်နီယာပညာနဲ့ပတ်သက်ပြီး လူငယ်တွေကို လက်တွဲခေါ်တာမျိုးတော့ရှိ တယ်။ ဝန်ကြီးမဖြစ်ခင်ကပေါ့။ နဂိုကပဲ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါရှိတယ်။ စက်ထည့်ထားရတယ်။ ပိုက်ဆံကတော့ချမ်းသာတယ်။ ဝန်ကြီးမဖြစ်ခင်ကပဲ။ နိုင်ငံခြားတွေ၊ ဘာတွေမှာ အိမ်တွေ ဘာတွေ ဝယ်ထားတာတော်တော်များများရှိတယ်။ သူက နဂိုကတည်းကပဲ တပ်မတော်ကို မထောက်ခံတဲ့သူ။ ဒါကြောင့်လည်း NLD အစိုးရတက်လာတော့ ဝန်ကြီးနေရာကမ်းလှမ်းတာကိုလက်ခံခဲ့တယ်လို့ထင်တယ်။ နောက်ပိုင်း အဖမ်းခံရတာ သိတယ်။ အခုလို ဆုံးပါးသွားတာတော့ စိတ်မကောင်းဘူးလေ”ဟု ဦးဝင်းခိုင်နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက MT News ကို ပြောသည်။
ဝန်ကြီးဟောင်း ဦးဝင်းခိုင်အား နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလျံခန့် နစ်နာမှုဖြင့် ဖမ်းဆီးခဲ့ကာ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ ဖြင့် အမှုဖွင့်၍ တရားရင်ဆိုင်ရပြီးနောက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ထားရခြင်း ဖြစ်သည်။
ယင်းနောက် မန္တလေး အိုးဘိုအကျဉ်းထောင်တွင်ထောင်ဒဏ်ကျခံနေရစဉ် ကျန်းမာရေးမကောင်းသောကြောင့် မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူနေရကြောင်း၊ ယင်းအချိန်တွင် အောက်တိုဘာ၂၉ ရက်က အိုးဘိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သိရသည်။
ဦးဝင်းခိုင်သည် NLD အစိုးရဟောင်း လက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး စသည့် တာဝန်အသီးသီးယူခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။
ဦးဝင်းခိုင်အား ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ဖခင်ဦးအေးမောင်နှင့် မိခင် ဒေါ်သင်သင်တို့က မွေးဖွားခဲ့ကာ အရွယ်ရောက်ချိန် ဒေါ်လှလှမူနှင့် လက်ထပ်၍ သမီးနှစ်ဦးထွန်းကားခဲ့ကြောင်း သိရသည်။
ဦးဝင်းခိုင်သည် လွန်ခဲ့သော၂၀၂၃ ခုနှစ် ဇွန်လကတည်းက မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နှလုံးရောဂါ ဖောက်လာသည့်အတွက် မန္တလေးဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူခဲ့ရသေးကြောင်း၊ ယင်းနောက် ယခုနှစ် အောက်တိုဘာလအတွင်း ဆေးရုံထပ်တင်ရပြီးနောက် မသက်သာသောကြောင့် အထူးကြပ်မတ်ဆောင်သို့ ပြောင်းရွှေ့ ကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည်လည်း အကျဉ်းကျနေစဉ် နဂိုဖြစ်ပွားနေသည့် သွေးကင်ဆာရောဂါကြောင့် မန္တလေးဆေးရုံကြီးတွင် တက်ရောကုသမှုခံယူနေစဉ် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်က လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့ကာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။