November 14, 2024

၉. ၁၁. ၂၀၂၄
Written by Nyein Kyaw

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ တက်ရောက်နေစဉ်အတွင်း ဆူဒန်နိုင်ငံဝန်ကြီးအပြင် တရုတ်၊ အီရန်နိုင်ငံတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ တူဖော်ရေးရေးစက်ပစ္စည်းများ တိုက်ရိုက်ဝယ်ယူနိုင်ရေးတိုအတွက် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ ရှီအန်းမြို့တွင် နိုဝင်ဘာ ၈ ရက် (ယမန်နေ့)က ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ တက်ရောက်နေစဉ်အတွင်း ဆူဒန်နိုင်ငံ စွမ်းအင်နှင့်ရေနံဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ သံအမတ်ကြီးတို့အပြင် Central Asian Oil City မှ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ China Association for Asian Economic Development Mining Professional Committee မှ Deputy Secretary General ၊ အီရန်နိုင်ငံမှ Iran National Innovation Fund တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု၊ ရေနံထွက်ပစ္စည်းများ ထုတ်လုပ်မှုနယ်ပယ်များတွင် အဆင့်မြင့်နည်းပညာများ အသုံးချရေး၊ တီထွင်ဆန်းသစ်မှုများ ပြုလုပ်နိုင်ရေး၊ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးသုံး စက်ပစ္စည်းကိရိယာများအား မူရင်းထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်ရေးတို့အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုစုစုပေါင်း ၅၄၈၃ မဂ္ဂါဝပ်ရှိသော မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံ ၃ဝ ခု၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ခု၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ခု၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၈ ခုတို့မှ စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၂၄၈ မဂ္ဂါဝပ်အထိရှိသည့်အတွက် စက်များအား စွမ်းအားပြည့် မောင်းနှင်နိုင်ပါက လုံလောက်မှုရှိသည်။

သို့သော်လည်း ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများကို PDF နှင့် EAOs လက်နက်ကိုင်များ၏ ဖျက်ဆီးမှုခံထားရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလာသဖြင့် သဘာဓာတ်ငွေ့မှ လျှပ်စစ်ထုတ်မှုများလည်း လျော့ကျနေသောကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်တော့သည်။ ထို့ကြောင့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်းအပြင် သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင် အဆင့်မြင့်နည်းပညာများ သုံးစွဲရန်လည်း လိုအပ်နေခြင်းဖြစ်သည်။

စွမ်းအင် #လျှပ်စစ် #PDF #EAOs #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *