MT News
Written by Nay Moe
စိန်ရတုလွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနှင့် ဖာပွန်ရှိတပ်ဌာနချုပ်များနှင့် လုံခြုံရေးစခန်းများသို့ KNLA တပ်မဟာ(၆)နှင့် PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်တိုက်ခိုက်သော်လည်း ယင်းတို့သာ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနှင့် တပ်ရင်း ဌာနချုပ်များသို့ KNLA တပ်မဟာ(၆)နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဇန်နဝါရီလ၄ရက်နေ့ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
KNLA တပ်မဟာ(၆)နှင့် PDF ပူးပေါင်းအဖွဲ့ တို့ အင်အားအလုံးအရင်းဖြင့် ကြာအင်းဆိပ်ကြီးတပ်နယ်သို့ တစ်ချိန်တည်း တစ်ပြိုင်တည်း အလစ်အငိုက်လာရောက်တိုက်ခိုက်ခဲ့သော်လည်း ယမန်နေ့က ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်မည်ကို ကြိုတင်သတင်းရရှိထားသဖြင့် တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် လုံခြုံရေးအတွက် အသင့်စုဖွဲ့ ထားရှိသောကြောင့် နံနက် ၆ နာရီ ၁၀ မိနစ်မှ ၈ နာရီ ၅၀ ထိ တစ်ကြိမ်၊ ၁၀ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၁၀ မိနစ်ထိ တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်သော်လည်း နေ့လည် ၁၁ နာရီ ၁၅ မိနစ် နောက်ပိုင်းတွင် အကျအဆုံးများဖြင့် အရှေ့တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။
KNLA နှင့် PDF ပူးပေါင်းအဖွဲ့များအနေဖြင့် တပ်ဌာနချုပ်များသို့ အလစ်အငိုက် တိုက်ခိုက်ခဲ့သော်လည်း အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူများ၏ ကြံ့ကြံ့ခံ ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရေးကြီး အဓိကအဆောက် အဦများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများနှင့် လူနေအဆောက်အဦများအနီးသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရုံးကပ်လျက် လူနေထိုင်ခြင်းမရှိသော စွန့်လွှတ်အဆောက်အဦအချို့ကိုသာ ဖရိုဖရဲပြန်လည်ဆုတ်ခွာချိန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ၏ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းများက တပ်နယ် လုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မဲဝိုင်တပ်မတော်ရှေ့တန်း လုံခြုံရေးစခန်းကိုလည်း ဇန်နဝါရီလ၄ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ စခန်း၏ အရှေ့တောင်ဘက်နှင့် အရှေ့ဘက်တို့မှ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်လာရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ လုံခြုံရေးအသိလုံခြုံရေးသတိရှိမှုနှင့် မဆုတ်မနစ် ခုခံတိုက်ခိုက်ခဲ့မှုကြောင့် လက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ၇ နာရီ ၅ မိနစ်ခန့်တွင် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် လခရ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်ပူးပေါင်းအဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။