November 14, 2024

၉. ၁၁. ၂၀၂၄
Written by Nyein Kyaw

ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသများအတွက် သေဆုံးထိခိုက်ဒဏ်ရာရရှိမှု၊ အိုးအိမ်ဆုံးရှုံးမှု၊ အ‌ပေါ်ရိက္ခာများအတွက် ကျပ် ၂၅ ဘီလျံကျော် သုံးစွဲထောက်ပံ့နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့် ပတ်သက်ပြီး ရေဘေးသင့်ဒေသများ၏ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင်လည်း SAC ဥက္ကဋ္ဌ ကိုယ်တိုင်ဦးဆောင်လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည့်အပေါ်တွင် ကော်မတီအနေဖြင့် ချက်ချင်းလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဘေးသင့်ဒေသများအတွက် လိုအပ်သည့်ထောက်ပံ့မှုများ ပြုလုပ်ခြင်း၊ သေဆုံးထိခိုက် ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများအတွက် ထောက်ပံ့မှုများပြုလုပ်ခြင်း၊ အရေးပေါ်စားနပ် ရိက္ခာများထောက်ပံ့ခြင်းစသည့် လုပ်ငန်းများအတွက် ကျပ် ၂၅ ဘီလျံကျော်ကို သုံးစွဲထောက်ပံ့ပေးနိုင်ခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်၏ မတည်ရန်ပုံငွေ၊ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ရေဘေးသင့်ဒေသများရှိ စာသင်ကျောင်းများကို အမြန်ဆုံးပြုပြင်၍ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ခဲ့ရာ ရေဘေးဖြစ်ပွားပြီး တစ်လခန့်အတွင်း အခြေခံပညာကျောင်းများအားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် စေတနာမေတ္တာအပြည့်ဖြင့် လှူဒါန်းပေးကြသည့် အလှူရှင်များကို ကျေးဇူးတင်ရှိကြောင်း၊ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက်လည်း လိုအပ်သည့် မျိုးစပါးနှင့် တိရစ္ဆာန်ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အခြားသော စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်းအလှူ ကျပ်ဘီလျံ ၅၀ ကျော်ရရှိထားပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်သည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲတွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *