◾️ ညနေပိုင်းတွင် ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး
၈. ၁၁. ၂၀၂၄
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ချုံချင့်မြို့ရှိ Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီသို့ ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်၍ လယ်ယာထုတ်ကုန်စက်ပစ္စည်းများနှင့် လမ်းရှင်းစက်များအား သွားရောက်လေ့လာခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် အဖွဲဝင်များသည် Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီသို့ သွားရောက်လေ့လာကြရာ ဥက္ကဋ္ဌဖြစ်သူ Mr. Yan Hua နှင့် တာဝန်ရှိသူများက ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို လယ်ယာထုတ်ကုန်စက်ပစ္စည်းများ၊ ရေစုတ်စက်၊ မီးစက်၊ နှင်းရှင်းစက်နှင့် လမ်းရှင်းစက်များ တင်ပို့ရောင်းချလျက်ရှိမှု၊ ကုမ္ပဏီမှ ထုတ်လုပ်ထားရှိသည့် စက်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့ပြင် SAC ဥက္ကဋ္ဌသည် SERES မော်တော်ကားကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ Chairman ဖြစ်သူ Mr. Li Bo နှင့် တာဝန်ရှိသူများက ကားစက်ရုံ၏သမိုင်းအကျဉ်း၊ ကုမ္ပဏီမှထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများကို ပြကွက်တစ်ခုချင်းစီအလိုက်၊ ကားအမျိုးအစားအလိုက် အချက်အလက်များနှင့် စက်ရုံအတွင်း ကားထုတ်လုပ်နေမှုအဆင့်ဆင့်ကို အသေးစိတ် လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့နောက် Chongqing International Logistics Hub Park သို့ ရောက်သွားရောက်ခဲ့ပြီး တာဝန်ရှိသူများက တရုတ်-ဥရောပ-အနောက်နိုင်ငံတို့အကြား ကုန်စည်စီးဆင်းလျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်းလမ်းပြမြေပုံ၊ ချုံချင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ်ပေါ်ရှိ ကုန်စည်စီးဆင်းမှု ဆိပ်ကမ်းများနှင့် လမ်းပန်းဆက် သွယ်ရေးနှင့် မြို့ပြပုံစံငယ်တို့ကို လိုက်လံရှင်းလင်းပြသခဲ့သည်။
ယင်းနောက် Chongqing Planning Exhibition ပြတိုက်သို့ ရောက်ရှိကြရာ ချုံချင့်မြို့ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ချုံချင့်မြို့၏ ခေတ်အဆက်ဆက် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်ခဲ့မှုများ၊ ဒေသနေပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းမြင့် မားတိုးတက်လာမှုနှင့် ရိုးရာယဉ်ကျေးမှုပုံစံများ၊ မြို့ပြပုံစံငယ်များ၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေမှုကိုဖော်ပြထားသည့် အထူးပြုလုပ်ချက်ဗီဒီယိုများ စသည်ဖြင့် ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့မှုများကို ကြည့်ရှု့လေ့လာခဲ့သည်။
ယနေ့ ညပိုင်းတွင် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်သို့ ရောက်ရှိပြီး ယန်စီမြစ်အတွင်း သင်္ဘောစီး၍ လေ့လာခဲ့ကြကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံကာ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။