၈.၁၁.၂၀၂၄
Written By Zun
မင်းသန့် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုတွင် ဒဏ်ရာရခဲ့သည့်ဆိုင်ပိုင်ရှင်၏သားအား ဆေးကုသမှုခံယူရန် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ကြောင်း မော်လမြိုင်အခြေစိုက် လူမှု ကူညီမှုအသင်းများမှ သိရသည်။
အဆိုပါ မီးလောင်မှုတွင် မီးငြှိမ်းသတ်နေသူ ၂၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူများတွင် ပါဝင်သော ဆိုင်ပိုင်ရှင်၏သားဖြစ်သူမှာ စိုးရိမ်ရသဖြင့် မော်လမြိုင် ဆေးရုံကြီးတွင် ကုသမှုခံယူနေရာမှ ယနေ့ နိုဝင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်က မော်လမြိုင်လေဆိပ်မှ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီခန့်အချိန်က စက်သုံးဆီအရောင်းဆိုင်နောက်ဘက်ရှိ ဆီသိုလှောင် ကန်အတွင်းသို့ ဆီဘောက်ဆာယာဉ်မှ ဆီချနေစဉ် မီးလောင်မှုစတင်ဖြစ်ပွားခဲ့၍ မီးငြှိမ်းသတ်မှုများပြု လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရသူများပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုတွင် ဆိုင်ပိုင်ရှင်၏ သားဖြစ်သူနှင့် ဆီဘောက်ဆာယာဉ်မောင်းတို့ ပထမဦးဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေစဉ် ယာဉ်မောင်းဖြစ်သူမှာ ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၅ နာရီခန့်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အဆိုပါစက်သုံးဆီအရောင်းဆိုင်နောက်ဘက်ရှိ ဆီသိုလှောင်ကန်အတွင်းသို့ ဆီဘောက်ဆာကား ၂ စီးရပ်ထားကာ ဆီချနေစဉ် ဆီထွက်ပေါက်ယိုစိမ့်နေရာ အခြားယာဉ်တစ်စီး၏ အိတ်ဇောပေါက်ပိုက်မှထွက်သော အပူငွေ့ဖြင့် ထိတွေ့၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် 92 အမျိုးအစား ဓါတ်ဆီ ဂါလံ ၃ ထောင်ခန့်ဆုံးရှုံးခဲ့ကြောင်း၊ မီးငြှိမ်းသတ်နေစဉ် ည ၉ နာရီခန့်က မီးလောင်နေသည့် ဆီဘောက်ဆာကားပေါက်ကွဲမှုဖြစ်ပွားပြီး မီးငြှိမ်းသတ်နေသူ ၂၀ ဦးနှင့် ဝန်ထမ်း၂ ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း၊ယင်းတို့မှာ မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ ဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ မီးလောင်မှုဖြစ်ပွားစဉ် မော်လမြိုင်၊မုဒုံ၊ ချောင်းဆုံ၊ကျိုက်မရော တို့မှ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံလူမှုကူညီရေးအသင်းတို့ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရ သည်။
ယင်းအထဲတွင် ဘိုဘိုဝင်း Rescue အဖွဲ့က ၂ ဦး၊ ရွှေနတ်တောင် Rescue အဖွဲ့က ၁ ဦး ခွဲစိတ်ကုသမှုခံယူနေ ရကြောင်း၊ ယင်းအပြင် မင်းသန့်ဆီဆိုင်က ဝန်ထမ်း ၂ ဦးလည်း ဒဏ်ရာရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရသူများမှာ မော်လမြိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြကြောင်းနှင့် ယနေ့ နိုဝင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က သွားရောက်ကြည့်ရှုအားပေးကာ ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် မင်းသန့်စက်သုံးဆီဆိုင်သည် ရိုးဂိုး ကျေးရွာအပိုင် မော်လမြိုင် မုဒုံကားလမ်းပေါ်တွင်တည်ရှိပြီး စက်သုံးဆီနှင့် အိမ်သုံးဂတ်စ်များရောင်းချသည့်ဆိုင်ဖြစ်ကြောင်း သိရသည်။
Photo – myintsoe