November 15, 2024

၈.၁၁.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ရန်ကုန်_ ပြည်လမ်းပေါ်တွင် နိုဝင်ဘာ ၇ ရက် ည ၁၁ နာရီ ၃၄ မိနစ်ခန့်က မီနီအိုးဝေတစ်စီးအရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ဆန်အိတ်များတင်ဆောင်ထားသော ၆ ဘီးယာဥ်ကို ဝင်တိုက်ရာမှ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော မီနီအိုးဝေယာဥ်က အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ဆန်အိတ်များတင်ထားသည့် NISSAN ၆ ဘီးယာဥ်ကို အနောက်မှ ဝင်တိုက်ခဲ့ရာ မီနီအိုးဝေယာဥ်ပေါ် လိုက်ပါလာသော အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

မီနီအိုးဝေယာဥ်၏ခေါင်းခန်းအတွင်း ညပ်နေသူ အမျိုးသားနှစ်ဦးကို တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး​က မိနစ်၂၀ နီးပါးကြာ ကယ်ထုတ်ခဲ့ကြရသည်။

“မီနီအိုးဝေရဲ့​ ခေါင်းက ၆ ဘီးကားနောက်ပိုင်းထဲကို ဝင်သွားတာ။ ဒဏ်ရာရတဲ့သူ ၂ ယောက်လုံးက ​ပေါက်ပြဲဒဏ်ရာတွေပဲ ရခဲ့လို့ အသက်အန္တရာယ် မစိုးရိမ်ရဘူး “ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် မီနီအိုးဝေယာဥ်မောင်း အသက် ၂၉ နှစ်အရွယ် ကိုဆန်းရှိုင်းတွင် နဖူးပေါက်ပြဲ၊ နှုတ်ခမ်းသွေးထွက် ဘယ်ညာ တံတောင်နှင့်ဒူးများတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး မီနီအိုးဝေယာဥ်ခေါင်းခန်းဘေးတွင် လိုက်ပါလာသော အသက် ၂၆ နှစ်အရွယ် ကိုဖြိုးတွင် နဖူးပေါက်ပြဲ၊ ညာဖနောင့် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သ​​ဖြင့် မိုးစေတနာ ပရဟိတအသင်း သူနာတင်ယာဥ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *