၈. ၁၁. ၂၀၂၄
Written by Nyein Kyaw
တရုတ်နိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌသည် ယနေ့ နံနက်ပိုင်းတွင် ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးဝန်ထမ်းမိသားစုများနှင့် ပညာ တော်သင် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ သံတမန်ရေးဆိုင်ရာဆက်ဆံရေးသာမက မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွက်ပါ အခွင့်အလမ်းဖော်ဆောင်ရန် မှာကြားခဲ့သည်။
ကောင်စစ်ဝန်ချုပ်ရုံးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများအနေဖြင့် သံတမန်ရေးရာဆိုင်ရာ ဆက်ဆံရေးသာမက အခြားကဏ္ဍများ၌ လည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ကြရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား အကျိုးတူစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
ထိုသို့ ဆောင်ရွက်နိုင်ပါက ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် လူသားအရင်းအမြစ်များ အများအပြား မွေးထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည့်အတွက် ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍအတွက်လည်း သံတမန်ဝန်ထမ်းများအနေဖြင့် ဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ့၏ဂုဏ်ကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ကူးသန်းရောင်း ဝယ်ရေးတွင် အဓိက အထောက်အကူပြုသည့်နေရာတစ်ခုအဖြစ်ရောက်ရှိအောင် ဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပါစေကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။