November 15, 2024

၈.၁၁.၂၀၂၄
Written By Zun

ပုဂံညောင်ဦးသို့ ခရီးထွက်သည့်လူငယ်အဖွဲ့အား တည်းခိုနေသော ဟိုတယ်က ဝိုင်းရိုက်၍ ၁ ဦးသေ ဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည့်အမှု နိုဝင်ဘာ ၃ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ခရီးထွက်လာသည့် လူငယ်အဖွဲ့မှာ ၇ ဦးဖြစ်ပြီး ယင်းတို့တည်းခိုသည့် ဟိုတယ်မှာ ပုဂံညောင်ဦး ၊ ရွှေစည်းခုံ ဘုရားအနီး၊ အမှတ် (၇)၊ ဝက်ကြီးအင်းရပ်က Cheriland River House Hotel ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟိုတယ်၏ မြစ်ကမ်းနံဘေးတွင် အဆိုပါလူငယ် ၇ ဦးက Bluetooth box ဖွင့်ပြီး သီချင်းဖွင့်ကာသီဆိုသည့်အတွက် ယင်းကိုအကြောင်းပြု၍ စကားများရာတွင် လူငယ် ၇ ဦးထဲမှ ၅ ဦးမှာ အခန်းသို့ ပြန်အလာ ယင်းဟိုတယ်၏ မန်နေဂျာနှင့်အဖွဲ့က ဝိုင်းရိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အရိုက်ခံရသည့် ၅ ဦးထဲမှ မောင်ရဲထက်နိုင် ဆိုသူတွင် ဦးခေါင်းကြေမွကာ ကိုယ်ခန္ဓာပွန်းပဲ့ခြင်း၊ ညာဘက်ခြေထောက်ကျိုးဒဏ်ရာရခြင်း စသည့်ဒဏ်ရာများရရှိခဲ့သောကြောင့် ညောင်ဦးဆေးရုံပို့ဆောင်ရာ လက်မခံသဖြင့် မန္တလေးဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ရကြောင်းလည်း သိရသည်။

“ဟိုတယ်ကို ရဲတွေ ရောက်လာချိန်မှာက ၄ ယောက်က သတိရတယ်။ ကိုရဲက သတိမရတော့ဘူး။ အဲဒီသတိမရတဲ့ တစ်ယောက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ဆုံးတာ။ သူတို့က ရန်ကုန်ကဆိုတော့ ပြန်သယ်ကြတာပေါ့။ ဒီနေ့ သင်္ဂြိုဟ်တယ်လေ”ဟု ကိုရဲထက်နိုင်မိသားစုနှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

သေဆုံးခဲ့သော ကိုရဲထက်နိုင်ကို ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်ကို ကိုရဲထက်နိုင်၊ ကိုဝေယံထွန်း၊ကိုထက်လွင်အောင်(သားထက်)၊ ကိုမင်းခန့်ဟိန်း (ယောက်ဖ) ၊ ကိုဇော်မင်းထွန်း၊ ကိုအောင်ချမ်းဖြိုး နှင့် ကိုမင်းထိုက်တို့ ၇ ဦး သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ကိုရဲထက်နိုင်မှာ ဦးခေါင်းကြေမွ၊ ခန္ဓာကိုယ်ပွန်းပဲ့၊ ညာခြေထောက်ကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ ကိုဝေယံထွန်းမှာ (ဦးခေါင်း ၄ ချက်၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ)၊ ကိုထက်လွင်အောင်(ခ)သားထက်(ဦးခေါင်း ၇ ချက်၊ မျက်ခုံး ၄ ချက်၊ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ၊ ကိုမင်းခန့်ဟိန်း(ခ) ယောက်ဖ(ဦးခေါင်း ၁၆ ချက်၊ ခန္ဓာကိုယ်နှင့်ခြေ ထောက် ထိခိုက်ပွန်းပဲ့ဒဏ်ရာ)၊ ကိုဇော်မင်းထွန်း(ဦးခေါင်း ၂၅ ချက်၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ) တို့ ရရှိခဲ့ကြကြောင်း ၊ လက်ရှိတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

“အသက်ဆုံးရှုံးသွားတဲ့ သူငယ်ချင်းအတွက်မိသားစုဝင်တွေရော အားလုံးပါ ပူဆွေးနေကြတဲ့အချိန်ပါ။ ကာယကံရှင်ရဲ့ အမက အကျဉ်းချုံး Post တင်ထားတယ်။ ဒါပေမယ့် အဲ့ Post အောက်မှာ Source မေးတာတွေရော Detailed ပြောပြပေးဖို့ မေးလာကြတော့ မိသားစုဝင်တွေနဲ့ အဲ့ခရီးမှာပါသွားတဲ့ သူငယ်ချင်းတစ်ယောက် ပြန်ပြောပြလို့ ကျနော် Speak Out လုပ်တာပါ။ဖြစ်စဉ်မပြောခင်မှာ ဒီ Hotel က Budget Place ဆိုတော့ လူငယ်တော်တော်များများ Comment မှာ အချင်းချင်း Mention ခေါ်ထားတာတွေ၊ ခရီးသွား Page တစ်ခုက Review ပေးထားတာတွေ တွေ့လို့ သတိပေးရတာပါ။ အခုတော့ အဲ့ဒီ Hotel က Page ဖျက်သွားပါတယ်။ Page ဖျက်ပေမယ့် Google Map မှာ ရှိပါသေးတယ်။Reviews ရေးလို့ရပါသေးတယ်။ Reviews တွေက နောက်လူတွေ ဒါမျိုးမဖြစ်အောင်ပါ။ ဖြစ်စဉ်က ဘော်ဒါ ၇ ယောက် ပုဂံကို ခရီးထွက်တယ်။ယောကျာ်းလေးတွေချည်းပဲ။ သောကြာညရောက်တယ်။ စနေနေ့လည်း တစ်နေကုန် ဘုရား ထွက်ဖူး လျှောက်လည်၊ ဟိုတယ်မှာပဲ ညပြန်အိပ်တယ်။အကုန်မှာစားတယ်။ ဘီယာဆိုလည်း စည်လိုက်မှာပြီး အေးဆေးအနားယူကြတာပဲ။ တနင်္ဂနွေလည်း တစ်နေကုန် လျှောက်လည်ပြီး ညနေရောက်မှ Bluetooth Speaker ဖွင့်ပြီးအဲ့ Hotel ဝန်းထဲက မြစ်ဘေးမှာ သောက်စားရင်း Chill ကြမှာပေါ့။ အဲ့ Bluetooth ကို တိုးပေးဖို့ လာပြောတော့ တိုးပေးပါတယ် … ။ မတိုးပေးခင် ဒီဘက်ကလည်း သောက်ထားကြတော့ ကတောက်ကဆတော့ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။ ပြဿနာအဆင့်ထိတောင်မရောက်ဘဲ ပြီးသွားခဲ့ပါတယ်တဲ့။ လာပြောလို့။ အဲ့ မြစ်ဘေးကနေ အခန်းထဲပြန်ဝင်တဲ့အချိန်မှာပဲ လူ ၁၀ ယောက် သံတုတ်တွေနဲ့ အကြောင်းပြချက်မရှိလိုက်ရိုက်တာပါ။ ၅ ယောက်အခန်းထဲပြန်ကြတဲ့အချိန်ပါ။ ကျနော့်သူငယ်ချင်းရဲ့ ဦးခေါင်းဓာတ်မှန်ကိုကြည့်ပါ။ လူတစ်ယောက်ရဲ့ ခေါင်းကို ပတ်ပတ်လည်ကွဲအောင်ရိုက်သွားတာပါ။ ကျန်တဲ့တစ်ယောက်က ၁၅ ချက်ချုပ်ရပါတယ်။ ကျန်တဲ့လူတွေက ၇ချက်က အောက်ထစ်ပါပဲတဲ့။ မြစ်ဘေးမှာကျန်ခဲ့တဲ့ ၂ ယောက်က ပြန်ဝင်လာတော့ အခန်းတံခါးဖွင့်ပေး ပါ။ ကျနော်တို့သူငယ်ချင်းတွေေ သေမှာစိုးလို့ တောင်းပန်တာကို မဖွင့်ပေးတဲ့အပြင် သူတို့ကိုပါရိုက်ဆိုပြီး လိုက်ရိုက်လို့ ထွက်ပြေးရင်း ပုန်းရင်း ရဲစခန်းကိုအကြောင်းကြား။ ရဲပါလာမှ ထုတ်လို့ရပါတယ်တဲ့ဗျာ။ ဘာကြောင့် ဒီလောက်တောင်လုပ်ရက်ရတာလဲ တွေးလို့ကိုမရပါဘူးဗျာ။ ကိုယ့်လူဘက်ပဲ ကာမရေးပါဘူးဗျာ။ သီချင်းဖွင့်ပြီး ဆိုတာမကြိုက်ရင် နောက်ဆုံးဗျာ အဆင်မပြေရင် ရဲခေါ်ပြီး ခေါ်ထုတ်ခိုင်းပေါ့ဗျာ။ အခုလို လူသတ်ဖို့ထိ မလိုဘူး ထင်တာပါပဲ။ ပုံတွေက Comment မှာပါ။ ဝင်ရိုက်တာက ဝန်ထမ်းတွေနဲ့ အဲ့ဒီက နယ်ခံလူ အနည်းငယ် ပါပါတယ်တဲ့။ EDIT – ခရီးက ကျနော်မပါပါဘူး။ ကျနော်က Oversea မှာပါ ။ ကျနော့်သူငယ်ချင်းက သူ ကျောင်းတုန်းက ဘော်ဒါတွေနဲ့သွားတာပါ … ။ အခုဖြစ်ကြောင်းကုန်စင်ကိုလည်း သူနဲ့အတူ ရိုက်ခံရတဲ့ တစ်ယောက်ပြောပြတာပါ။ Negative Comment တွေတွေ့လို့ပါ။ ကျနော် ကိုယ့်လူကိုလည်း ကာမရေးထားပါဘူး။ ဘယ်လောက်ပဲ မူးနေပါစေဦး။ သူတို့ရောင်းတဲ့ ဘီယာကိုသောက်ပြီး မူးနေတဲ့ Customer ပါ …။ နောက်ဆုံးဗျာ ကြည့်မရရင်ဝတ္တရား နှောင့်ယှက်မှုနဲ့ ရဲခေါ်ဖမ်းခိုင်းလိုက်လည်း ရပါတယ်။ စဉ်းစားတတ်ဖို့ပြောပြတာပါ” ဟု သေဆုံးသူ၏သူငယ်ချင်းဖြစ်သူ Hein HA အကောင့်ပိုင်ရှင်က ရေးသားထားသည်။

ယခုအခါ လူမှုကွန်ရက်အသုံးပြုသူများက ပါဝင်ပတ်သက်သူများအား ထိထိရောက်ရောက် အပြစ်ပေး အရေးယူ ရန်လိုအပ်ကြောင်း ရေးသားပြောဆိုနေကြသည်။

“ဧည့်သည်ကို သေစေလောက်တဲ့အထိ ပြုမူတာမျိုးကြတော့ လွန်တာပေါ့။ ဧည့်သည်တွေအနေနဲ့လည်း အများသူငါ အပန်းဖြေဖို့လာတဲ့နေရာမှာ Bluetooth Box ဖွင့်တာက အတိုင်းအတာ တစ်ခုထိပဲ ဖြစ်သင့်တယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုက အခြားသူကို အခြားသော အပန်းဖြေလာတဲ့ဧည့်သည်တွေကို အနှောင့်အယှက် ဖြစ်စေတယ်။ ဟိုတယ်ဘက်အနေနဲ့လည်း ဧည့်သည်က ဘယ်လောက်ပဲ အုပ်စုဖွဲ့ ရမ်းကားနေပါစေ။ ဖြေရှင်းနည်းက အများကြီးရှိပါတယ်။ အခုလိုမျိုး ကိုယ့်ဆီမှာ လာတည်းတဲ့ဧည့်သည်ကို လုံခြုံမှုကအစ တာဝန်ယူ နွေးထွေးပျူငှာစွာ ဆက်ဆံရမည့်အစား အုပ်စုဖွဲ့ ရိုက်နှက်တာမျိုး ဖြေရှင်းနည်းက မဖြစ်သင့်တဲ့ လုပ်ရပ်။ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်။ Hotel & Tourism အောက်မှာ Hotel ဖွင့်ပြီး Hotel Policies, Rule & Responsibilities နဲ့အညီ ပြုမူ တာဝန်ယူဖြေရှင်းသင့်တာပေါ့။ ပါဝင်ပတ်သက်တဲ့ သူတွေကို ထိရောက်စွာ အပြစ်ပေး အရေးယူဖို့ လိုတယ်”ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားထားသည်။

အဆိုပါဖြစ်စဥ်တွင် လူသေဆုံးအောင်ရိုက်နှက်မှု၌ ပါဝင်သူအချို့ကို ဖမ်းဆီးထားသည်ဟုလည်း ကနဦးသိရပြီး ဖြစ်ရပ်နှင့် ပတ်သက်၍ MT News သတင်းဌာနက ဟိုတယ်နှင့် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေကာ ထပ်မံသိရှိရသည်များ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Photo Credit – Hein Ha

Leave a Reply

Your email address will not be published. Required fields are marked *