November 15, 2024

၈. ၁၁. ၂၀၂၄
Written by Nyein Kyaw

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် ယနေ့ ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် ချုံချင့်မြို့သည် တရုတ်နိုင်ငံ၏ အချက်အခြာကျသည့်နေရာတွင်တည်ရှိပြီး ခေတ်အဆက်ဆက်ပြောင်းလဲတိုးတက်လာမှု အခြေအနေများ၊ SAC ဥက္ကဋ္ဌအနေဖြင့် ချုံချင့်မြို့သို့ ခရီးစဉ်လာရောက်မှုသည် မြန်မာ-ချုံချင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ လမ်းစတစ်ခုဖြစ်သည့် အခြေအနေများနှင့် ချုံချင့်မြို့နယ်အနေဖြင့် ၎င်းတို့၏ နည်းပညာအားသာချက်များ၊ လမ်းပန်းဆက်သွယ်မှုအချက်အခြာကျသည့် အားသာချက်များအပေါ်တွင်မူတည်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ ပညာရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာကြသည့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့် မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ချုံချင့်မြို့မှ မန္တလေးတိုင်းသို့ ၁၅ ရက်အတွင်း ရောက်နိုင်မည့် ကီလိုမီတာ ၂၀၀၀ ခန့်ရှိသည့် ချုံချင့် -လင်ချန်း-မြန်မာ ရထားလမ်းပိုင်းကို ၂၀၂၂ ခုနှစ်အလယ်က ဖွင့်လိုက်ပြီဖြစ်ကြောင်း တရုတ်သံရုံးက ကြေညာထားသည်။

မြန်မာနိုင်ငံအတွင်း ယင်းရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည့် ရထားလမ်းပိုင်းမရှိသေးသည့်အတွက် အဆိုပါ တရုတ်နိုင်ငံမှ မန္တလေးအထိ ကီလိုမီတာ ၂၀၀၀ ခန့်ခရီးကို တိုက်ရိုက်မောင်းနှင်မလာနိုင်သေးဘဲ ရထားနှင့် သယ်လာသည့်ကုန်ပစ္စည်းများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် မြန်မာကားများနှင့် ပြောင်းသယ်ပြီး အခွန်ဆောင်ဝင်လာရခြင်းကိုသာ ဆောင်ရွက်နိုင်သေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မည့် ရထားလမ်းနှင့် ဥမင်လှိုဏ်ခေါင်းတချို့ တည်ဆောက်မှုကို တရုတ်အစိုးရက ဆက်လက်လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ၏ မတည်ငြိမ်သည့်အခြေအနေကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်မစတင်နိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။

ချုံချင့်နှင့် မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် ပုံမှန်ထက် ရက်ပေါင်း ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး အရင်းအနှီးလည်း ရာခိုင်နှုန်း ၂၀ လျော့ချနိုင်မည်ဖြစ်ကြောင်း တရုတ်သံရုံးထုတ်ပြန်ချက်များအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *