၈.၁၁. ၂၀၂၄
Written by Shwe Phyo
အမေရိကန်အစိုးရသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်နေသူများအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိနေကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူများကပြောသည်။
အမေရိကန်နိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံ၏ ၄၇ ဦးမြောက်သမ္မတအသစ်အဖြစ် ရွေးကောက်ခံရပြီးနောက် အမေရိကန်အစိုးရက မြန်မာဒုက္ခသည်များအတွက် ပြန်လည်အခြေကျနေထိုင်ရေးအစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် တတိယနိုင်ငံသို့ သွားရောက်ရန်အတွက် မြန်မာဒုက္ခသည် ၆၀၀၀၀ ခန့်ရှိနေကြောင်း၊ အမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ်ပါတီအစိုးရအဖွဲ့ ဦးဆောင်ခွင့်ရမည်ဆိုလျှင် ထိုင်းအစိုးရနှင့် အမေရိကန်အစိုးရကြား ထိုဒုက္ခသည်စခန်းတွင် နေထိုင်သူများအတွက် ဆွေးနွေးဖွယ်ရှိကြောင်း လူအခွင့်အရေးကျွမ်းကျင်သူများက ပြောသည်။
Asia Human Rights & Labour Advocates (AHRLA) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဖီလစ် ရောဘတ်ဆန်က ရွေးကောက်ခံအမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်သည် လူ့အခွင့်အရေးကိစ္စများကို ဦးစားပေးသူတစ်ဦးမဟုတ်သည့်အတွက် အမေရိကန်အစိုးရက ထိုင်းနှင့်အမေရိကန်အစိုးရကြား သဘောတူထားသည့် မြန်မာဒုက္ခသည်အရေးကို ဖျက်သိမ်းဖွယ်ရှိနေကြောင်း ပြောသည်။
၎င်းက ဒေါ်နယ်ထရမ့် ဦးဆောင်မည့် အမေရိကန်အစိုးရအသစ်လက်ထက်တွင် အမေရိကန်အစိုးရသည် နိုင်ငံခြားတိုင်းပြည်များမှတင်သွင်းသော ပို့ကုန်များကို အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည့် မူဝါဒချမှတ်ပြီး ကုန်သွယ်ရေးကာကွယ်ခြင်းများကို လုပ်ဆောင်ဖွယ်ရှိနေကြောင်း ပြောသည်။
ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း ပြောဆိုခဲ့သည့်အချက်များကိုလက်တွေ့အကောင်အထည်ဖော်မည်ဆိုလျှင် အမေရိကန်နိုင်ငံသားမဟုတ်ဘဲ အမေရိကန်နိုင်ငံအတွင်း နှစ်ပေါင်းများစွာကြာနေထိုင်နေသူများလည်း နှင်ထုတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ရောဘတ်ဆန်က သုံးသပ်ပြောဆိုခဲ့သည်။
REf , thenation