November 15, 2024
photo_2024-11-08_14-01-23

၈.၁၁.၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံရဲ့ အဓိကမော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ နစ်ဆန်းက သူ့ရဲ့ နှစ်စဉ်အမြတ်ရငွေ နိမ့်ကျလာနိုင်မှုကို ခန့်မှန်းပြီး ဝန်ထမ်းအလုပ်နေရာ ၉,၀၀၀ ခန့် လျှော့ချမှာဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအားကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့ချသွားဖို့ အစီအစဉ်ရှိတယ်လို့ နိုဝင်ဘာလ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အဓိကဈေးကွက်တွေမှာ အရောင်းကျလာရတာတွေအတွက် ကိုင်တွယ်ဖြေရှင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

နစ်ဆန်းက ၂၀၂၅ ခုနှစ် မတ်လမှာကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီရဲ့ဝင်ငွေကို မူလက ယန်းငွေ ဘီလျံ ၅၀၀ (အမေရိကန်ဒေါ်လာ ၉၇၅ သန်း) လို့မှန်းထားရာက အခု ယန်းငွေ ဘီလျံ ၁၅၀ ကို လျှော့ချခဲ့တယ်လို့လည်း နိုဝင်ဘာလ ၇ ရက်မှာ ပြောခဲ့ပါတယ်။

အဓိကပြိုင်ဘက်ကြီးတွေဖြစ်တဲ့ Tesla နဲ့ BYD လို တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားကုမ္ပဏီတွေက ဈေးကွက်ကို ထိုးဖောက်လာနိုင်တာကြောင့် နစ်ဆန်းရဲ့ တခြားပြိုင်ဘက် ဂျပန်ကားကုမ္ပဏီတွေမှာလည်း ကားသစ်တွေ ရောင်းအားကျကာ ခက်ခက်ခဲခဲရုန်းကန်နေကြရပါတယ်။

နစ်ဆန်းကုမ္ပဏီက ဝန်ထမ်းအလုပ်နေရာ ၉,၀၀၀ ခန့် လျှော့ချပြီး ထုတ်လုပ်မှုစွမ်းအား ၂၀ ရာခိုင်နှုန်း လျှော့ချမယ့်အပြင် လက်ရှိ အစုရှယ်ယာဈေးကွက်မှာ ပိုင်ဆိုင်မှု ၃၄ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကို မစ်ဆူဘီရှီ မော်တော်ကားကုမ္ပဏီကို ပြန်လည်ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။

စက်တင်ဘာလမှာကုန်ဆုံးခဲ့တဲ့ သုံးလပတ်ကာလအတွက်ဆိုရင်လည်း နစ်ဆန်းဟာ အမြတ်ငွေ ယန်းငွေ ၆၅ ဘီလျံ မှန်းထားခဲ့ပေမယ့် ယန်း ၃၂ ဘီလျံသာ ရခဲ့ပါတယ်။ အရင်နှစ် အလားတူကာလကရခဲ့တဲ့ အမြတ်ငွေ ယန်း ၂၀၈ ဘီလျံထက်တော့ များစွာ လျော့ကျခဲ့ပါတယ်။

နစ်ဆန်းလိုပဲ တခြားနိုင်ငံတကာမှ ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဟာ ကမ္ဘာ့အကြီးမားဆုံးကားဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံတကာဈေးကွက်မှာ ခက်ခက်ခဲခဲ ရုန်းကန်ယှဉ်ပြိုင်နေကြရပါတယ်။ ဇွန်လအတွင်းကဆိုရင် ချန်ဇိုမြို့မှာရှိတဲ့ နစ်ဆန်းရဲ့ စက်ရုံတစ်ခုဟာလည်း ရောင်းအားထိုးကျခဲ့မှုကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါ့ပြင် ကမ္ဘာမှာ မော်တော်ယာဉ်ရောင်းအားကလည်း ကျဆင်းလာနေတာက နစ်ဆန်းအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

Ref-Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *