၈.၁၁.၂၀၂၄
Written By Thandar
အလှမယ်လောကထဲကတစ်ဆင့် ပရိသတ်ချစ်ခင်မှုများစွာရရှိလာတဲ့ သရုပ်ဆောင် အိအိအောင်ထွန်း@ မီးမီးက လာမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ပြသတော့မယ့် “မေတ္တာအမွေ ပုဂံပြည်”ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာစကားသံမပီသချိန် ရိုက်ကူးခဲ့ရတာမို့ ရင်ခုန်မိတယ်လို့ ဆိုပါတယ်။
“တကယ်တော့ မီးမီးတို့ ကိုကျော်ထက်အောင်နဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားက မကြာခင်ထွက်တော့မှာပါ။ ဒီအတွက် ရင်လည်းခုန်တယ်။ မီးမီးရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားရိုက်ခဲ့လို့ ဝမ်းသာတယ်။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးလို့ ပြောလို့ရမယ့် ပုဂံမြေ ရုပ်ရှင်ကားရိုက်ခဲ့တာမို့လည်း အရမ်းရင်ခုန်နေတယ်။ တကယ်လို့ ဇာတ်ကားကြီးတင်ရင် မီးမီးမြန်မာပြည်ကို ပြန်လာပြီးတော့ ကြည့်မှာပါ။ ကိုယ်တိုင်ကလည်း မြန်မာစကားကို အရမ်းကြီး နားလည်အောင် မပြောတတ်ဘူးလေ။ တကယ့်ကို ခက်ခက်ခဲခဲကို ကြိုးစားခဲ့ရတာပါ။ ဝါရင့်အနုပညာရှင်ကြီးတွေ အားလုံးက မီးမီးကိုသင်ပေးကြတယ်လေ။ ခုကတော့ မြန်မာစကားကိုနားလည်အောင် တော်တော်လေးပြောတတ်လာပါပြီ။ အဲအချိန်တုန်းက မြန်မာစကား မပီသေးချိန် ရိုက်ခဲ့တာမို့လေ။ မကြာခင်ပြမှာမို့ ရင်ခုန်မိတယ်”လို့ အလှမယ် သရုပ်ဆောင် အိအိအောင်ထွန်း@မီးမီးက ပြောပါတယ်။
အဆိုပါ Triple six Production ကထုတ်လုပ်တဲ့ “မေတ္တာအမွေ ပုဂံမြေ” ရုပ်ရှင်ဇာတ်ကားကြီးက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ အိအိအောင်ထွန်း၊ ဧကရီစုစံ၊ မေသန်းနုနဲ့အခြားသရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
အိအိအောင်ထွန်းကတော့ လက်ရှိ ထိုင်းနိုင်ငံမှာ ပြသခဲ့တဲ့ “The Hidden Moon ” Girl Love Series မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။