November 15, 2024
photo_2024-11-08_15-21-48

၈.၁၁.၂၀၂၄
Translated by Htwe Ko Tun

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေမှုနဲ့ ကုန်သွယ်ရေးပိတ်ဆို့ထားမှုတွေကြောင့် စီးပွားရေးလုံးဝပျက်ပြားလုနီး အခြေအနေသို့ ရောက်နေကာ လူနှစ်သန်းလောက် အစာရေစာမလုံလောက်မှုတွေဖြစ်နေရတာကြောင့် ပြည်နယ်အတွင်း ငတ်မွတ်ခြင်းဘေးကြီးနဲ့ ရင်ဆိုင်ရအံ့ဆဲဆဲဖြစ်နေရတယ်လို့ ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောဆိုလာပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအစီရင်ခံစာကလည်း ဒေသခံပြည်သူတွေရဲ့ ဝင်ငွေကျဆင်းမှုတွေ၊ စပါးအထွက်နှုန်းကျဆင်းမှုတွေ၊ ကုန်သွယ်ရေးတင်းကြပ်မှုတွေက အစားအစာမလုံလောက်မှုနဲ့ ကုန်ဈေးနှုန်းတက်မှုကိုဦးတည်စေတယ်လို့ ပြောခဲ့ပြီး ဒါတွေကို မြန်မာ့တပ်မတော်က အရပ်သားတွေအပေါ် ပြစ်ဒဏ်ပေးမှုဆန်ဆန်တွေ လုပ်နေတာလို့ စွပ်စွဲခဲ့တာတွေ့ရသလို တချို့ ပြည်သူတွေဆိုရင် ပုံမှန်အားဖြင့် တိရစ္ဆာန်အစာဖြစ်တဲ့ ဖွဲနုကိုတောင်စားနေကြတယ်လို့ အစီရင်ခံစာက ဆိုပါသေးတယ်။

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝခ်နာရာဂျာက တကယ်လို့ ဒီလိုသာ ဆက်ဖြစ်နေရင် ၂၀၂၅ ခုနှစ်မှာ ပြည်နယ်အတွင်း လူနှစ်သန်းလောက်ငတ်မွတ်ခြင်းဘေးရင်ဆိုင်ကြရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် UNDP ရဲ့ လေ့လာချက်တစ်ခုအရ ပြည်နယ်အတွင်း မိသားစုတွေရဲ့ထက်ဝက်ကျော်ခန့်၊ လူဦးရေအားဖြင့် ၁ ဒသမ ၄ သန်းလောက်ဟာ ယခင်နှစ်အတွင်း ဝင်ငွေကျဆင်းမှုတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုတွေက ၂၀၂၃ ခုနှစ်အတွင်း စတင်ဖြစ်ခဲ့ရတာဖြစ်ပြီး ရခိုင်တပ်မတော်ဆိုတဲ့ လူမျိုးစုလက်နက်ကိုင်သူပုန်အဖွဲ့လည်းဖြစ်ပြီး အကြမ်းဖက်အဖြစ်လည်း သတ်မှတ်ခံထားရတဲ့ AA အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေးအမည်ခံတဲ့ ခွဲထွက်ရေးတောင်းဆိုမှုနဲ့ အစိုးရကိုပုန်ကန်တိုက်ခိုက်ခဲ့ကြတာပါ။ ဒါပေမယ့် ကုလသမဂ္ဂအစီရင်ခံစာကတော့ ပဋိပက္ခဖြစ်ပွားမှုတွေကနေ ပြည်နယ်အတွင်းမတည်ငြိမ်မှု၊ အစာရေစာမလုံလောက်မှုတွေမှာ မြန်မာ့တပ်မတော်ကိုသာ အပြစ်ပြောခဲ့တာပါ။

မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဒီလို စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့တဲ့အပြင် AA လူမျိုးစုလက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်အတွင်း ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝနဲ့ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့ပါ ပျက်ပြားအောင်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

AA လုပ်တဲ့ ပြည်နယ်အတွင်း ပဋိပက္ခကြောင့် အလုပ်အကိုင်ထောင်နဲ့ချီလို့ဖန်တီးရာ ဆောက်လုပ်ရေးကဏ္ဍဆိုရင်လည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြေးခဲ့ရသူတွေလည်းရှိပါတယ်။ ဒီထဲမှာ လူသားချင်းစာနာမှုအထောက်အပံ့တွေအပေါ်မှီခိုနေရတဲ့ ဘင်္ဂါလီတွေလည်း အများအပြားပါဝင်ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂရဲ့အစီရင်ခံစာကတော့ ပြည်နယ်အတွင်း လက်နက်ကိုင်တွေရဲ့ ပုန်ကန်မှုကနေ စတင်ဖြစ်ပွားလာတဲ့ ပြည်သူတို့ရဲ့ အခက်အခဲဘေးဒုက္ခတွေကို မျှတစွာမသုံးသပ်ဘဲ AA ၊ ARSA စတဲ့ လက်နက်ကိုင်တွေ သောင်းကျန်းရာဒေသမှာဖြစ်နေတာအကုန်လုံးကို မြန်မာ့တပ်မတော်က ပြည်သူတွေကို ပြစ်ဒဏ်ပေးမှုဆန်ဆန်ပြုလုပ်တာလို့သာ တစ်ဖက်သတ် သုံးသပ်ထားတယ်ဆိုရမှာပါ။

Ref , The Guardian

Leave a Reply

Your email address will not be published. Required fields are marked *