November 14, 2024
photo_2024-11-08_15-13-55

၈.၁၁.၂၀၂၄
Written By Zun

တရုတ်ပညာရှင်များနှင့် လည်ပတ်နေသော ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်း၍ တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာတွင် တည်ရှိသော သစ်ပါးလွှာစက်ရုံသို့ လူ ၂၀ ခန့်ပါ လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန် တော်ကူးကျေးရွာဘက်မှ စက်ရုံအတွင်း ဝင်ရောက်လာပြီးနောက် စက်ရုံမှူး ဦးဘိုဘို၊ မန်နေဂျာ ဦးတင်ထွန်းအောင်နှင့် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးတို့ကို ဖမ်းဆီး၍ စက်ရုံမှ အလုပ်သမား ၂၀ ခန့်၏ လက်ကိုင်ဖုန်းများကိုလည်း ယူဆောင်သွားကြကာ လက်ခတ်တောင်ဘက်ကို ထွက်သွားကြကြောင်း၊ လက်ရှိတွင် တပ်မတော်လုံခြုံရေးအဖွဲ့များက ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့မှာ မွန်ပြည်သစ်ပါတီတွင် နစကအစိုးရအား ဆန့်ကျင်နေသည့်ခွဲထွက်အုပ်စုက ဟွန်ဒါမြန်မာစက်ရုံကို ကျပ်သိန်းငါးရာပေးရန်နှင့် လာရောက်ညှိနှိုင်းရန်စာပေးပို့ထားခဲ့သည့်အပေါ် စက်ရုံက အကြောင်းမပြန်သဖြင့် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း အဆိုပါဒေသတွင် ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံကို ဦးထွန်းထွန်းနိုင်ဆိုသူ ပိုင်ဆိုင်ပြီး အစိုးရ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာနပိုင်မြေကို နှစ်ရှည်ငှားရမ်းကာ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံကို ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *