၈. ၁၁. ၂၀၂၄
Translated by Tha Doe
မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများမှ အရည်အချင်းပြည့်မီသော စီးပွားရေးလုပ်ငန်းရှင်များအတွက် အကြိမ်ကြိမ်ပြည်ဝင်ခွင့်ရရှိနိုင်သော ၅ နှစ်သက်တမ်းရှိ ဗီဇာထုတ်ပေးရန် တရုတ်နိုင်ငံက ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရသည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ် စသည့် မဲခေါင်ဒေသတွင်းနိုင်ငံငါးခုမှ တရုတ်နိုင်ငံက သတ်မှတ်သည့် အရည်အချင်းပြည့်မီသော စီးပွားရေးလုပ်ငန်းရှင်များကို ငါးနှစ်သက်တမ်းရှိ ဗီဇာထုတ်ပေးမည့် ဆုံးဖြတ်ချက်ကို ကြာသပတေးနေ့က ကျင်းပသော အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးအတွင်း တရုတ်ဝန်ကြီးချုပ်လီချန်က ဆုံးဖြတ်ချက်ချခဲ့ခြင်းလည်း ဖြစ်သည်။
မဟာမဲခေါင်နိုင်ငံများမှ ယူနန်ပြည်နယ်သို့ တင်သွင်းသော သွင်းကုန်တန်ဖိုးမှာ ယခုနှစ် ပထမသုံးလပတ်တွင်ပင် ယွမ် ၇၈ ဒသမ ၉၂ ဘီလျံရှိပြီး အာဆီယံ ၁၀ နိုင်ငံနှင့် ကုန်သွယ်မှု၏ ၉၃ ဒသမ ၇ ရာခိုင်နှုန်းအထိရှိနေကြောင်းလည်း ယူနန်ပြည်နယ်၊ နိုင်ငံခြားရေးရုံးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများနှင့် ဒေသတွင်းငွေကြေးအခြေချနေထိုင်မှုများကို လွယ်ကူချောမွေ့စေရန်၊ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သရုပ်ပြဇုန်များ ပိုမိုဖန်တီးကာ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း လီချန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် လက်ရှိပြုလုပ်နေသည့် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးများကို မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် SAC ဥက္ကဋ္ဌ ပါဝင်တက်ရောက်နေပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်ဝန်ကြီးချုပ်များနှင့် ဆွေးနွေးမှုအပြင် ယူနန်ကော်မတီပြည်နယ်အတွင်းရေးမှူးနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံကဖော်ဆောင်မည့် မူဆယ် – မန္တလေး – ကျောက်ဖြူ ရထားလမ်းသစ်စီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ လုပ်ဆောင်မည့်အခြေအနေ၊ နယ်စပ်ဂိတ်များ အစိုးရထိန်းချုပ်မှုအောက်ရှိရေး၊ တရုတ်အစိုးရ၏ ညှိနှိုင်းမှူကို ဖောက်ဖျက်ခဲ့သော TNLA၊ AA နှင့် MNDAA တို့က ငြိမ်းချမ်းရေးလိုလားသည့် လုပ်ဆောင်ချက်ပြသမှ ဆွေးနွေးမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည့်အပြင် SAC ဥက္ကဋ္ဌက CLMV ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သလို ACMECS ဥက္ကဋ္ဌအသစ်တာဝန်ကိုလည်း လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။
Ref, Global Times