◾ ထိုင်းအစိုးရက သက်တမ်းတိုး ၂ ကြိမ်သာ တိုးခွင့်ပေးမှာဖြစ်ပြီး မြန်မာလုပ်သားတစ်ဦးကို ၄ နှစ်အထိသာ နေထိုင်ခွင့်ရရှိမယ်လို့ ဆို
၈.၁၁.၂ဝ၂၄
Written by K Pyay Thein
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို CI စာအုပ်ရှိမှသာ သက်တမ်းတိုးကိစ္စရပ်တွေကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရဘက်ကလည်း သက်တမ်းတိုး(၂)ကြိမ်သာဆောင်ရွက်ပေးမှာဖြစ်ပြီး မြန်မာတစ်ဦးကို (၄)နှစ်အထိသာနေထိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ ဦးဆောင်တဲ့ အဖွဲ့ဟာ အခု နိုဝင်ဘာလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာန (DOE)မှ ညွှန်ကြားရေး မှူးချုပ် Mr. Somchai Morakotsriwan ဦးဆောင်တဲ့ လူဝင်မှုကြီး ကြပ်ရေးဗျူရို (Immigration Bureau) နဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ နေထိုင်သက်တမ်းတိုးကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက အခုလို ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုထားတဲ့ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေကိုသာ သက်တမ်းတိုးပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်း(၂)ကြိမ်စီနဲ့ (၂)ခါ စုစုပေါင်း (၄)နှစ်အထိသာ ခွင့်ပြုပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်မို့ (၁၃-၂-၂၀၂၅) ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ရရှိထားတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)သက်တမ်းအနည်းဆုံး (၂)နှစ်ကျော်ကျန်ရှိနေဖို့ လိုအပ်မှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းအနည်းဆုံး (၂)နှစ်ကျော် မကျန်ရှိသူတွေအနေနဲ့လည်း ဗန်ကောက်မြို့ရှိ မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးကိစ္စတွေကိုလာရောက်ဆောင်ရွက်နိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် CI မှ နိုင်ငံကူးလက်မှတ်သို့ လဲလှယ်လျှောက်ထားလိုသူတွေအနေနဲ့ မဟာချိုင်ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC)မှာ သွားရောက်ဆောင်ရွက်နိုင်မယ်လို့လည်း အသိပေးကြေညာထားပါတယ်။
ဓာတ်ပုံ – ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး။