၈ .၁၁ .၂၀၂၄
Written by Hey Mar
မနေ့က နိုဝင်ဘာ ၇ ရက် ညနေ ငါးနာရီကျော်အချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ မော်လမြိုင် – မုဒုံကားလမ်းဘေးက မင်းသန့်ဆီဆိုင် မီးလောင်မှုမှာ မြို့နယ်မီးသတ်စခန်းမှူး အပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း ၁၂ ဦး မီးလောင်ကျွမ်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး အဲဒီထဲကမှ မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦးမှာ ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်း လောင်ကျွမ်းထိခိုက်ခဲ့တာကြောင့် အရေးပေါ် ခွဲစိတ်ကုသမှုတွေကို မြို့နယ်ဆရာဝန်ကြီးနဲ့အဖွဲ့က ကြပ်မတ်ကုသပေးနေတယ်လို့ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ရေး ခရိုင်ဦးစီးအရာရှိဦးစိုးကျော်သူက Myanmar Transparency News က ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
ဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့ထံမှ သိရှိရတာက မင်းသန့်ဆီဆိုင် ဂိုထောင်အတွင်း ဆီဘောက်ဆာ ကားတစ်စီး စက်နှိုးထားစဉ် ၉၂ ဆီ အပြည့်တင်လာတဲ့ နောက်ထပ်ယာဉ်တစ်စီးက ထိုစက်နှိုးထားတဲ့ ကားဘေးကို ကပ်လျှက်ဝင်ရပ်ကြောင်း၊ အဲဒီမှာ ဆီငွေ့နဲ့ အပူထိတွေ့ပြီး မီးထလောင်ကြောင်း၊ ပေါက်ကွဲမှုတချို့ မဖြစ်ခင် မီးသတ်က ရောက်ရှိငြှိမ်းသတ်နိုင်ကြောင်း၊ မီးငြှိမ်းသတ်နေစဉ်အတွင်း နာရီဝက်ခန့်အကြာ ညနေ ၆ နာရီ ဝန်းကျင်မှာ အသေးစားပေါက်ကွဲမှုတွေဖြစ်ပေမယ့် မီးသတ်တပ်ဖွဲ့အပါအဝင် အရပ်ဖက် လူမှုကူညီရေးတွေလည်း ထိခိုက်မှုမရှိခဲ့ကြောင်း၊ ဆက်လက်ငြှိမ်းသတ်ရာက ည ၇ နာရီ ၄၅ မိနစ်ခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး ဆီငွေ့တွေ အေးအောင်ဆောင်ရွက်နေစဉ်အတွင်း ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ ဆီဘောက်ဆာကား ဆီတိုင်ဂီရဲ့ ဆီဘားမှ ဝါရှာအပူကြောင့် မီးထတောက်ကာ လောင်ကျွမ်းပျက်စီးရာက အနီးကပ်ငြှိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ သန္ဓေနဲ့ အရန်တွေအပါအဝင် အနီးအနားက ဝင်ရောက်ကူညီဆောင်ရွက်နေတဲ့ လူမှုကူညီရေး အသင်းသားတချို့ပါ လွင့်စင်တာမျိုးအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း လူသေဆုံးမှု မရှိခဲ့ဘဲ ဆေးရုံကို အချိန်မီ တင်ပို့ကုသမှု ခံယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ခရိုင်ဦးစီးအရာရှိ ဦးစိုးကျော်သူက “အများစုက မျက်နှာနဲ့ ရင်ဘတ်၊ လက်တွေပေါ့။ ဆီကနေလောင်တဲ့မီးဆိုတော့ မီးကာဝတ်စုံ ဝတ်ထားပေမယ့်လည်း ထိတာပဲ။ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးက ၇၀ ရာခိုင်နှုန်း လောင်ကျွမ်းထိခိုက်ထားတာမို့ မြို့နယ်ဆေးရုံက ဆရာဝန်ကြီးကိုယ်တိုင်ဦးစီးပြီး ကြပ်မတ်ကုသနေပါတယ်။ အခုတော့ ပြည်နယ်မီးသတ်ကတာဝန်ရှိသူအကြီးအကဲတွေလည်း ရောက်ရှိလာပြီး ထောက်ပံ့ငွေ ပေးအပ်တာတွေ ကြည့်ရှု့အားပေးတာတွေ ပြုလုပ်နေပါတယ်” လို့ MT News ကို ပြောပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ မင်းသန့်ဆီဆိုင်ရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး ဆိုင်တာဝန်ရှိသူကိုတော့ ပေါ့ဆမီးအဖြစ် ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်လှစ် အရေးယူထားကြောင်းလည်း သိရှိရပါတယ်။