၈. ၁၁. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူးမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ နိုဝင်ဘာ ၇ ရက် (ယမန်နေ့) မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်းနှင့် ဌာနဆိုင်ရာအချင်းချင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးများတွင် SAC ဥက္ကဋ္ဌသည် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရာ-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတွင်လည်း ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းတာဝန်ယူခဲ့သည်။