ဖြိုးဝေ
၇. ၁၁. ၂၀၂၄
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပ်နိုင်သွားခဲ့တာကြောင့် ဒီမိုခရေဇီနီပေါလို့ သမုတ်ခံရသူတွေ ဝမ်းနည်းနေချိန်မှာပဲ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတချို့ကို ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ ဒေါင်းနက် LPDF အဖွဲ့နဲ့ လုံးဝ(လုံးဝ)ပတ်သက်မှုမရှိပါဘူးလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ငြင်းချက် ထုတ်လာပေမဲ့လည်း ဒီ Black Peacock LPDF အဖွဲ့ဟာ လူ ၁၀ ယောက်ကျော်သာရှိတဲ့ LPDF လက်နက်ကိုင်အဖွဲ့သေးသေးလေးသာဖြစ်လို့ လူအင်အားရာဂဏန်းရှိတဲ့အပြင် မကြာသေးခင်ကမှ ကွန်မန်ဒိုအဖွဲ့ပါ ဖွဲ့စည်းထားတဲ့ NUG ရဲ့ ကျွန်းစုပကဖက အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာမပါတာ၊ NUG ထံ အသိပေးတင်ပြပြီး ဆက်လက်ဆောင်ရွက်မယ်ဆိုတာ မပါတာနဲ့ ဒီအဖွဲ့ဟာ ဩဂုတ်လအတွင်းကမှ စတင်လှုပ်ရှားလာလို့ PDF တွေကနေ အကြောင်းအမျိုးမျိုးကြောင့် ခွဲထွက်လက်နက်ကိုင်လာသူတွေဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေအပြင် အဖွဲ့သေးသေးလေးကြမှ အရေးမယူဘဲ စာထုတ်နေလို့ ကျွန်းစုပကဖဟာ ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ Black Peacock နဲ့ ပေါင်းစားနေတာလားလို့ မေးခွန်းထုတ်နေတာကို တွေ့ရှိရတဲ့ ဒီတစ်ပတ်မှာပဲ ကန့်ဘလူမြို့နယ်အတွင်းက ကျီစု၊ ကျောက်တိုင်၊ ဝက်တိုးရွာဘုန်းတော်ကြီးကျောင်းတွေက သံဃာတော်တွေကို နှင်ထုတ်ပြီး PDF တွေ အပိုင်စီးလို့ စခန်းချနေထိုင်မှုကို တပ်မတော်ရှင်းလင်းလိုက်ရာမှာ လက်နက်ခဲယမ်းအများအပြား ဖမ်းမိတဲ့ ဖြစ်စဉ်တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုဒဏ်နဲ့ ငွေကြေးဖောင်းပွမှုတို့ကြောင့် မြန်မာနိုင်ငံက လူပေါင်း ၂ ဒသမ ၇ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အခြေအနေတွေ၊ ဂျားကစ်စာဘူးသရီးဇာတ်ကားဟာ ဟိန္ဒူဘာသာဝင်တွေကို စော်ကားတယ်လို့ ရေးသားခဲ့တဲ့ ဟာဆယ်ယွန်အကောင့်ပိုင်ရှင် ဟိန္ဒူလူမျိုးဟာ သူကိုယ်တိုင်ကတော့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်စေနိုင်တဲ့ ဗုဒ္ဓဘာသာကို လှောင်ပြောင်စော်ကားတဲ့ ပို့စ်အများအပြားကို လူမှုကွန်ရက်မှာ တင်ထားသူဖြစ်လို့ ဖမ်းဆီးအမှုဖွင့်လိုက်နိုင်ပြီး ဘာသာရေးအကဲဆတ်မှုအခြေအနေကို အလျင်အမြန်ထိန်းကျောင်းလိုက်နိုင်တဲ့အခြေအနေတွေအပြင် အမည်မည်းစာရင်းရေးသွင်းထားသူတွေ ပြည်ပ ထွက်ခွာခွင့်မပြုမိစေဖို့ စနစ်တကျစိစစ်တားဆီးနိုင်ရေး အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြဖို့ ပြောကြားလာမှုတွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ PDF ကြီးစိုးနယ်မြေမှာ လူ ၆ ယောက်နဲ့ သံဃာတစ်ပါး ရက်ရက်စက်စက်သတ်ဖြတ်ခံရပေမဲ့ တရားခံ ဖမ်းမမိတဲ့ အကြောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ ဆေးရုံဆေးခန်းမှာ တပ်စွဲထားတဲ့ NUG ဩဇာခံ ချင်းလက်နက်ကိုင်နဲ့ ရခိုင်လက်နက်ကိုင် AA အကြောင်းအပြင်၊ တရုတ်နိုင်ငံကို သုံးနှစ်ကျော်အတွင်း ပထမဆုံးသွားရောက်တဲ့ SAC ဥက္ကဋ္ဌရဲ့ တရုတ်ခရီးစဉ်ဟာ မြန်မာနိုင်ငံအဖို့ သားရွှေအိုးထမ်းလာတဲ့ ထူးခြားကောင်းမွန်မှုတွေ ဖြစ်စေမလားဆိုတဲ့ အကြောင်းတွေကို သုံးသပ်ချင်မိပါတယ်။
◾ PDF ကြီးစိုးနယ်မြေမှာ လူ ၆ ယောက်နဲ့ သံဃာတစ်ပါး ရက်ရက်စက်စက်သတ်ဖြတ်ခံရပေမဲ့ ဖမ်းမမိတဲ့ တရားခံ
PDF ကြီးစိုးထိန်းချုပ်ထားရာနေရာတွေမှာ တရားခံမပေါ်ဘဲ အပျောက်ရှင်းခံရတဲ့ ဖြစ်စဉ်တွေ များသထက်များလာသလို အခုတစ်ခါမှာလည်း အင်မတန်ရုပ်ဆိုးလှတဲ့ဖြစ်စဉ်အဖြစ် သုံးလသမီးပါမချန် မိသားစုလိုက်ကို ရက်စက်စွာသတ်ဖြတ်မှု ဖြစ်ပွားလာပြန်ပါတယ်။ ဒီတစ်ခါ မိသားစုလိုက် သုံးလောင်းပြိုင်လူသတ်မှုက ကနီမြို့နယ် တပုန်းရွာမှာဖြစ်ပြီး အသတ်ခံရသူက နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာဘ၀ကနေ CDM လုပ်ပြီး NUG ကနီမြို့နယ်ပညာရေးတာဝန်ခံလုပ်နေတဲ့ ကျောင်းဆရာ ဦးဝင်းဌေးမိသားစုကို သတ်ဖြတ်လိုက်တာပါ။
ဖြစ်စဉ်က နိုဝင်ဘာ ၄ ရက် ညပိုင်းအချိန် NUG ရဲ့ ကနီမြိုနယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးကို တပုန်းကျေးရွာနေအိမ်အတွင်းမှာ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နဲ့အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီတပုန်းရွာဟာ PDF နဲ့ ပသုံးလုံးတွေ လက်နက်ကိုင်ထိန်းချုပ်ထားရာ ရွာဖြစ်တာကြောင့် လူသတ်တရားခံတွေဟာ PDF တွေ ပသုံးလုံးတွေကလွဲရင် တခြားသူဖြစ်စရာမရှိဘူးလို့လည်း ဝေဖန်မှုတွေရှိနေတာပါ။
ကျောင်းဆရာဦးဝင်းဌေးမိသားစုလိုပဲ PDF ထိန်းချုပ်ထားရာနယ်မြေထဲမှာပဲ နိုင်ငံရေးစိတ်မဝင်စားတဲ့ ဆရာတော်တစ်ပါးကို PDF တွေ ကြီးစိုးထိန်းချုပ်ထားတဲ့ ရွာမှာ မျက်နှာဖုံးစွပ်လူလေးဦးက ကျည်တစ်ဘောက်လုံးကုန်အောင် ဆွဲပြီး ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပါသေးတယ်။
အဲဒီဖြစ်စဉ်က ရေဦးမြိုနယ်၊ အုန္နဲပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက သက်တော် ၄၄ နှစ်အရွယ် ကျောင်းထိုင် ဆရာတော် အရှင်ဣန္ဒကသီရိကို မျက်နှာဖုံးစွပ်ထားသူတွေက သတ်သွားကြတာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ရာက PDF တွေချည်းရှိနေတဲ့နေရာဖြစ်နေတာ၊ လူမမှတ်မိအောင် မျက်နှာဖုံးစွပ်ထားတာကြောင့် ဒီဖြစ်စဉ်ကိုလည်း PDF တွေကျုးလွန်တယ်လို့ ယူဆနေကြတာပါ။
NUG ဟာ သူ့ ဩဇာခံ PDF တွေနဲ့ ပသုံးလုံးလို့ အမည်တပ်ခံရတဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေ သေနတ်ကိုင်ရမ်းကားတာကို ထိန်းချုပ်နိုင်မှုမရှိတဲ့ ပြည်ပထွက်ပြေး၊ လေလှိုင်းအစိုးရအဖွဲ့သာဖြစ်တာကြောင့် လတ်တလောမှာဆိုရင်လည်း LPDF တွေကို၊ NUG ဩဇာမခံတဲ့ လက်နက်ကိုင်တွေကို ဖမ်းဆီးသတ်ဖြတ်မှုအပြင် သက်ငယ်မုဒိမ်းမှုတွေ၊ မုဒိမ်းမှုတွေ ခိုးဖွက်လုယက် အိမ်ဖောက်ထွင်းမှုတွေလည်း PDF ထိန်းချုပ်နယ်မြေမှာ ဗရပွဖြစ်လာနေတာပါ။
အခုလို ဦးဝင်းဌေးမိသားစု၊ ဆရာတော်အရှင်ဣန္ဒကသီရိ တို့ဖြစ်စဉ်တွေအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း NUG ရဲ့ ပသုံးလုံး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာမှာ ပကဖတွေကို ဆန္ဒပြဖူးတဲ့ ဗကသအဖွဲ့ဝင် ကိုးတန်းကျောင်းသား မောင်မြင့်မြတ်ဦး လည်လှီးအသတ်ခံခဲ့ရတာ၊ မေလ ၂၃ ရက်မှာလည်း ပုလဲပအဖခေါင်းဆောင် ဇော်ထက်ရဲ့ အိမ်မှာ ပုလဲပလဖ သတင်းပြန်ကြားရေး တာဝန်ခံ ပုလဲမောင် ရိုက်နှက်သတ်ဖြတ်ခံရတာ၊ ဩဂုတ်လ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ YRF ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်နဲ့ ဘဏ္ဍာရေးတာဝန်ခံ အသက် (၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးတာပါ။
ဒီဖြစ်စဥ်အားလုံးလိုလိုဟာ NUG ရဲ့ ပသုံးလုံးအဖွဲ့တွေ ကျုးလွန်တဲ့ အခြေအနေတွေဖြစ်နေသလို တရားခံတွေ ဖော်ထုတ်ပေးဖို့ NUG ကို ပြည်သူတွေက ဆန္ဒပြတောင်းဆိုမှုတွေရှိပေမဲ့လည်း ဒီနေ့အထိ တရားခံပေါ်ပေါက်မှုမရှိသလို PDF အုပ်ချုပ်မှ တည်ငြိမ်မယ်၊ ဒီမိုကရေစီရမယ်ထင်နေတဲ့သူတွေအဖို့လည်း နောက်ဘုန်းကြီးက ၂ ချက်အတီးခံနေရတဲ့ ဘ၀ကိုပဲ လည်စင်းခံနေကြရတော့တာပါ။
◾ ဘာသာရေးအဆောက်အအုံနဲ့ ဆေးရုံဆေးခန်းမှာ တပ်စွဲထားတဲ့ ချင်းလက်နက်ကိုင်နဲ့ AA
တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေပြုချိန်မှာ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံဆေးခန်းထိပြီဆို ဒီလိုအဆောက်အအုံတွေပါ တပ်က တိုက်ခိုက်နေပြီလို့ တော်လှန်ရေးအမည်ခံ အဖွဲ့အစည်းတွေက ထအော်ပေးကြတာပါ။
တပ်ဖက်က လက်နက်ကိုင်တွေဟာ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံဆေးခန်းတွေကို သိမ်းယူပြီး တပ်စခန်းချနေလို့ တိုက်ခိုက်တာလို့ပြောရင် မယုံကြပေမဲ့ အခုတော့ NUG ဩဇာခံ ချင်းလက်နက်ကိုင်တွေနဲ့ ရခိုင်လက်နက်ကိုင် AA တို့ဟာ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံဆေးခန်းတွေကို ခြေကုပ်ယူ စခန်းချနေတယ်ဆိုတာကို ဖော်ထုတ်လာတဲ့ ကြားခံအဖွဲ့အစည်းတစ်ခု ထွက်ပေါ်လာပြီး အဲဒီအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ငလိုင်အဖွဲ့အစည်းပါ။
Global Ngaleng Organization ဟာ ချင်းပြည်နယ်၊ မတူပီမြို့၊ ငလိုင်ကျေးရွာမှာ CDF တပ်မဟာ (၁)၊ Chin Brotherhood နဲ့ ရခိုင်လက်နက်ကိုင် AA တို့ဟာ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ အခိုင်အမာ ခြေကုပ်ယူထားတာကို ပုံနဲ့တကွ ရှုတ်ချလိုက်ပြီး ဒီလိုနေရာတွေကို အကာအကွယ်ယူတာက ဖယ်ပေးဖို့ တောင်းဆိုလိုက်တာပါ။ တကယ်ဆို အခု တိုက်ပွဲဖြစ်ပွားနေတဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ကျည်ကွယ်၊ ဗုံးကွယ်တဲ့အပြင် လုံခြုံစိတ်ချရမှု ပေးတာက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံဆေးခန်းတွေပဲ ရှိနေတာပါ။ ဒီလိုနေရာတွေကပဲ လက်နက်ကိုင်တွေအဖို့ ပစ်ခတ်တိုက်ခိုက်မှုမှာ ကျည်ကွယ်မျက်ကွယ်ပေးတာကြောင့် လက်နက် ကိုင်တွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံဆေးခန်းတွေကို ခြေကုပ်ယူကြပြီး ဒီလိုနေရာမျိုးတွေ တိုက်ခိုက်ခံရရင်လည်း ငိုပြ၊ မျက်ရည်ခြူပြ၊ အလှူခံစားလို့ကောင်းတာကြောင့် ဒီလိုနေရာတွေကို အဓိက အသုံးချနေတာပါ။
ဒါတွေကို ပြည်သူသိဖို့ လိုသလို ကိုယ့်ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ PDF နဲ့ လက်နက်ကိုင်တွေ တပ်စွဲလို့ မပျက်စီးစေချင်ရင်တော့ ကမ္ဘာလုံးဆိုင်ရာ ငလိုင်အဖွဲ့အစည်းလို စာထုတ် ရှုတ်ချပြီး မနေဖို့ တောင်းဆိုကြရမှာပါ။
◾ ကောင်းကျိုးတွေ ယူလာပေးတဲ့ SAC ဥက္ကဋ္ဌ တရုတ်ခရီးစဉ်
NUG ဟာ တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံခွင့်ရဖို့ အစွမ်းကုန် ကြိုးစားအားထုတ်နေပေမဲ့လည်း တရုတ်နိုင်ငံကတော့ တခြားသော ကမ္ဘာ့နိုင်ငံတွေလိုပဲ စည်းမဲ့ကမ်းမဲ့ NUG ကို ဖယ်ထုတ်လိုက်ပြီး SAC နဲ့ပဲ ထိတွေ့ဆက်ဆံမှု လုပ်ဆောင်လာသလို လက်ရှိကျင်းပနေတဲ့ မဟာမဲခေါင်ထိပ်သီးအစည်းအဝေးမှာလည်း SAC ဥက္ကဋ္ဌကို တရုတ်အစိုးရကိုယ်တိုင်က နိုင်ငံတော်အဆင့် တရားဝင်ဖိတ်ကြားပြီး ကော်ဇောနီခင်းကြိုဆိုလိုက်ပါတယ်။ ဒါဟာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ လက်နက်မဲ့ပြည်သူတွေကို ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်နေတဲ့ NUG နဲ့ ဆက်ဆံမှာမဟုတ်ဘူးဆိုတာကို တရုတ်နိုင်ငံက အလုပ်နဲ့ သက်သေပြလိုက်တာ တွေ့မြင်ရသလိုပါပဲ။
SAC အစိုးရ သုံးနှစ်ကျော်သက်တမ်းအတွင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်တဲ့ ဒီခရီးစဉ်ဟာ သာမန်ခရီးစဉ်တစ်ခုထက်ပိုခဲ့ပြီး Defacto အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ကို ကြိုဆိုမှုထက် Dejure အစိုးရခေါင်းဆောင်တစ်ယောက်ကို ကြိုဆိုခဲ့တဲ့အသွင်ကို မြင်ခဲ့ရတာပါ။ ဒါဟာ SAC အစိုးရအောင်ပွဲဖြစ်သလို ပြည်သူလက်ခံတဲ့အစိုးရပါဆိုပြီး လေလှိုင်းပေါ် အစိုးရဖွဲ့ တရားလက်လွတ် လူသတ်နေတဲ့ NUG ရဲ့ အရှုံးလို့လည်း ပြောရမှာပါ။
တစ်ဖက်မှာလည်း SAC ဥက္ကဋ္ဌဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ တရုတ်ဝန်ကြီးချုပ်အပြင် မြန်မာ့နယ်စပ်နဲ့ပတ်သက်ရင် အဓိကတာဝန်ရှိတဲ့ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးနဲ့ပါ တွေ့ဆုံခဲ့တာကို တွေ့ရသလို SAC ဥက္ကဋ္ဌက CLMV ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ၊ ACMECS ဥက္ကဋ္ဌအသစ် တာဝန်ယူဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် SAC ဥက္ကဋ္ဌက နယ်မြေလုခွဲထွက်ချင်နေတဲ့ MNDAA ၊ TNLA နဲ့ AA တို့ဟာ တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုပါ ချိုးဖောက်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့တာကြောင့် ဒီအကြမ်းဖက်အဖွဲ့တွေက ငြိမ်းချမ်းရေးလိုလားတဲ့ ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြသလာမှ ဆွေးနွေးမယ်လို့ တရုတ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့တဲ့အပြင် တရုတ်ဝန်ကြီးချုပ်ကလည်း SAC အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ချီးကျုးစကားပြောကြားခဲ့တာ၊ မြန်မာ့အကျိုးပျက်စီးအောင် လုပ်ဆောင်တာ လက်မခံဘူးလို့လည်း အမေရိကန်ဩဇာခံ KIA နဲ့ မြောက်ပိုင်းလက်နက်ကိုင်တွေသိအောင် ပြောခဲ့တာ တွေ့မြင်ရပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ NLD အစိုးရဟောင်းလက်ထက်မှာ တရုတ်နိုင်ငံနဲ့ စီမံကိန်း ၃၃ ခုကို လက်မှတ်ထိုးခဲ့ပြီး လက်ရှိအချိန်မှာ နိုင်ငံရေးအကျပ်အတည်းကြောင့် ရပ်ဆိုင်းနေပေမဲ့ လက်ရှိဆွေးနွေးပွဲမှာတော့ မူဆယ်- မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်ကို နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မယ့်နေရာတွေမှာ လုပ်ဆောင်မယ်ဆိုတာ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ စီးပွားရေး စင်္ကြံ တည်ဆောက်မှုစီမံချက်ကိုလည်း မြန်မာနိုင်ငံဘက်က အလေးထားဆောင်ရွက်နေတာအပြင် အထူးသဖြင့်လည်း တရုတ်နိုင်ငံဝန်ကြီးချုပ်က နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ တိုက်ခိုက်သိမ်းယူနေတဲ့ KIA၊ MNDAAA နဲ့ TNLA တို့ကို သတိပေး စကားအဖြစ် နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရစီမံခန့်ခွဲမှုအောက် ရှိရမှာဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ အပြန်အလှန်ပြောခဲ့တာကို မြင်ရတာပါ။
ခြုံကြည့်ရမယ်ဆိုရင် SAC ဥက္ကဋ္ဌရဲ့ တရုတ်ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက်တော့ သားရွှေအိုးထမ်းလာတဲ့ ခရီးစဉ်လိုမျိုး အကျိုးရလဒ်အများကြီးထွက်ခဲ့တဲ့အပြင် မြန်မာနိုင်ငံက လက်နက်ကိုင်တွေအဖို့လည်း မြို့တွေအများကြီးသိမ်း၊ နယ်စပ်ဂိတ်တွေ တိုက်ယူပြီး အပေါ်စီးက ညှိမယ်ဆိုတဲ့ အတွေးတွေ မှားကုန်ပြီလို့ တရားဝင် သတိပေးခေါင်းလောင်းအထိုးခံလိုက်ရတဲ့ အခြေအနေပါ။ အမေရိကန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟောင်းလက်ထက်မှာတောင် မြန်မာနိုင်ငံကို ဘာတစ်ခုမှ မကူညီဘဲ စစ်မီးပဲ မွှေးခဲ့တာ အားလုံးသဘောပေါက်သင့်ချိန်တန်ပြီဖြစ်တဲ့ ဒီကာလမှာ ငြင်းပယ်လို့မရတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံကိုပဲ ဆက် လက်တွဲရမှာပါ။ ဒီလို လက်တွဲပြီး စီမံကိန်းတွေ လုပ်ဆောင်ရာမှာတော့ အချုပ်အခြာအာဏာထိပါးတာမျိုး၊ စီမံကိန်းအကျိုးအမြတ် ခွဲဝေမှုမှာ တရုတ်နိုင်ငံချည်း အသာစီးယူသွားတာမျိုးမဖြစ်ဖို့ကိုတော့ တာဝန်ရှိသူတွေကပဲ ထိန်းသိမ်းဆုံးဖြတ်ရမှာ အသေအချာဆိုတာ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။