၇ .၁၁ .၂၀၂၄
Written by Hey Mar
မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ မော်လမြိုင် – မုဒုံကားလမ်းဘေးက ဆီဆိုင်တစ်ဆိုင်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က ဆီဘောက်ဆာယာဉ်ကနေ ဆီလှယ်နေစဉ် မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း မီးထိန်းနိုင်ခဲ့ပြီးကာမှ အပြီးသတ်ငြှိမ်းသတ်နေချိန် ထပ်မံ ပေါက်ကွဲ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် မီးသတ်သမား (၇)ဦးနဲ့ ပရဟိတ အသင်းသား (၁၃)ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီကနေသိရပါတယ်။
ဖြစ်စဉ်က မော်လမြိုင် မုဒုံအစပ် ရိုးဂိုးကျေးရွာက မင်းသန့်စက်သုံးဆီ အရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်အနောက်ဘက်က ဆီသိုလှောင်ကန်အပါအဝင် ဆီဘောက်ဆာ ယာဉ် နှစ်စီး ပျက်စီးဆုံးရှုံးခဲ့ကာ မီးလောင်မှုကို မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီးနဲ့ မီးသတ်တပ်ဖွဲ့ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့အင်အား ၅၀ ခန့်က ပူးပေါင်းငြှိမ်းသတ်ပေးခဲ့ကြပြီး လေထုကို ဖြတ်တောက်ကာ မီးလောင်ကျွမ်းမှုကို ထိန်းနိုင်ဖို့ Foam type အမြှုပ်မီးသတ်ဆေးမှုန့်နဲ့ Level -2 အဆင့် ခေါ်ယူ ငြှိမ်းသတ်ခဲ့ရကာ မီးထိန်းနိုင်ပြီးမှ ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ အဖြူရောင်တွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” အခု ည ၈ နာရီ ဝန်းကျင်ကမှ မီးထိန်းနိုင်တာပါ။ အခုထိလည်း ဆက်လက် ငြှိမ်းသတ်နေရဆဲပဲ။ လောင်ကျွမ်းချိန် ၃ နာရီလောက်ကြာမှ မီးထိန်းနိုင်တာပါ။ ဆီဘောက်ဆာနှစ်စီး ဆီလှယ်နေရင်း တစ်စီးက ထပေါက်တာလို့ အကြမ်းဖျင်းသိရပါတယ်။ ကျွန်တော်တို့လည်း မီးထိန်းနိုင်ပြီဆိုတော့ ပြန်လာတဲ့အချိန် ၉ နာရီ ဝန်းကျင်လောက်က ကားအောက်ကနေ မီးကြွင်းမီးကျန်ကြောင့် ဆီဘောက်ဆာ နောက်တစ်စီးက ထပေါက်လို့ မီးသတ်သမား ၇ ဦး ထိခိုက်တာမှာ ၄ ဦးက ပြင်းထန် ဒဏ်ရာလို့ သိရပါတယ်။ ပရဟိတ သမား ၁၃ ဦးထိတယ်။ ၂ ဦး စိုးရိမ်ရပါတယ်။ အဲ့ဒီ့ အသင်းသား ၂ ဦးက ဘိုဘိုဝင်း Recuse အဖွဲ့ ကပါ” လို့ MT News က စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတ အသင်းသားတွေကို မော်လမြိုင်ဆေးရုံကြီးဆီ နယ်မြေခံ အသင်းတွေက သူနာတင်ယာဉ်တွေနဲ့ မော်လမြိုင်ဆေးရုံကြီး အရေးပေါ် ကုသမှုဌာနဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ် ။