November 7, 2024

၇. ၁၁. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်လွှဲယူခဲ့ပြီး ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို ACMECS အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်ရန်အတွက် ထိရောက်စွာကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ယနေ့ ကျင်းပခဲ့ပြီး လက်ရှိအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၀န်ကြီးချုပ်က ACMECS အလှည့်ကျဥက္ကဋ္ဌတာ၀န်ကို SAC ဥက္ကဋ္ဌထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

SAC ဥက္ကဋ္ဌက အလှည့်ကျဥက္ကဋ္ဌတာ၀န်ယူရခြင်းနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ACMECS ပူးပေါင်း ဆောင်ရွက်မှု၏ ဥက္ကဋ္ဌအသစ်အဖြစ် မိန့်ခွန်းပြောကြားရသည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ လွန်ခဲ့သည့် (၄) နှစ်တာကာလအတွင်း ACMECS ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ ခေါင်းဆောင်မှုအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လာအိုနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ACMECS ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများအကြား အက်ခ်မက်မူဘောင်အောက်တွင် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများနှင့် ဘက်စုံချိတ်ဆက် ဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ လျင်မြန်စွာပြောင်းလဲနေသည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများအောက်တွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ အကောင်အထည်ဖော်ခြင်းနှင့် စိန်ခေါ်မှုများ ဖြေရှင်းခြင်းတို့ကို ACMECS အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်း အင်အားနှင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ACMECS ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များမှရရှိသည့် အကျိုးကျေးဇူးများကို ACMECS အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်ရန်အတွက် ယခင်ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သကဲ့သို့ အခြေခံကျသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲဖော်ဆောင်ခြင်းဖြင့်လည်း ထိရောက်စွာကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ACMECS ပူးပေါင်းဆောင်ရွက်မှုကို ယခင်ဥက္ကဋ္ဌများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ပြီးပြည့်စုံ၍ ဖွံ့ဖြိုးတိုးတက်သည့် ACMECS ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်ရေး ရှေ့ဆက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ အသစ်တာဝန်ကို စတင်ထမ်းဆောင်သည့်အခါ မိမိအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် ACMECS ပူးပေါင်းဆောင်ရွက်မှု၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ အမြော်အမြင်ကြီးမားမှု၊ ပံ့ပိုးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုတို့ကို ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လာမည့် ACMECS ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အဆွေတော်တို့ကို တွေ့ဆုံနိုင်မည့် အခွင့်အလမ်းကို မျှော်လင့်စောင့်စား လျက်ရှိကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူ (ACMECS) ၏ သက်တမ်းမှာ ဆယ်စုနှစ် နှစ်ခုကို လွန်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ၂၀၀၃ ခုနှစ် ဧပြီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒေသခွဲအတွင်း စီးပွားရေးကွာဟချက်များ ကျဉ်းမြောင်းစေရန်နှင့် စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတစ်ရပ် ထူထောင်ရေး အဆိုပြုတင်သွင်းခဲ့မှုအပေါ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့က သဘောတူလက်ခံခဲ့ကြခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ACMECS ၏ ထိပ်သီးအစည်းအဝေးကို ကျင်းပကာ ပုဂံကြေညာချက်စာတမ်း (Bagan Declaration) ကို ထုတ်ပြန်ကြေညာ၍ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာကို စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ် မေလ ၁၀ ရက်တွင် အဖွဲ့ဝင် ၅ နိုင်ငံမြောက်အဖြစ် ဗီယက်နမ်နိုင်ငံ ပါဝင်လာခဲ့သည်။ ထို့နောက် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က ACMECS ၏ ပထမဆုံး မိတ်ဖက်နိုင်ငံများဖြစ်လာခဲ့ကြကာ ယခု ACMECS ၏ ၁၀ ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *