November 7, 2024

၇ .၁၁ .၂၀၂၄
Written by Hey Mar

ဆီဘောက်ဆာယာဉ်ကနေ ဆီလှယ်နေစဉ် မီးလောင်ပေါက်ကွဲမှုတစ်ခု မော်လမြိုင်မြို့နယ်၊ ရိုးဂိုး‌ကျေးရွာ မော်လမြိုင် – မုဒုံကားလမ်း‌ဘေးက ဆီဆိုင်တစ်ဆိုင်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် ညနေ ငါးနာရီကျော် အချိန်ခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က မော်လမြိုင်လမုဒုံအစပ် ရိုးဂိုးကျေးရွာက မင်းသန့်စက်သုံးဆီ အရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်အနောက်ဘက်က ဆီသိုလှောင်ကန်အပါအဝင် ဆီဘောက်ဆာ ယာဉ်နှစ်စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကနဦးသတင်းတွေ အရ သိရပါတယ်။

ဖြစ်စဉ်ကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ အဖြူရောင်တွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” အခု ည ၈ နာရီ ဝန်းကျင်ကမှ မီးထိန်းနိုင်တာပါ။ အခုထိလည်း ဆက်လက် ငြှိမ်းသတ်နေရဆဲပဲ။ လောင်ကျွမ်းချိန် ၃ နာရီလောက်ကြာမှ မီးထိန်းနိုင်တာပါ။ ဆီဘောက်ဆာနှစ်စီး ဆီလှယ်နေရင်း တစ်စီးက ထပေါက်တာလို့ အကြမ်းဖျင်းသိရပါတယ်။ ဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့ ၊ အရပ်ဖက်အဖွဲ့နဲ့ ပြည်သူ ထိခိုက်မှု မရှိခဲ့ပါဘူး” လို့ MT News က စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

မီးလောင်မှုကို မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီးနဲ့ မီးသတ်တပ်ဖွဲ့ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့အင်အား ငါးဆယ်ခန့်က ပူးပေါင်းငြှိမ်းသတ်ပေးခဲ့ကြပြီး လေထုကို ဖြတ်တောက်ကာ မီးလောင်ကျွမ်းမှုကို ထိန်းနိုင်ဖို့ Foam type အမြှုပ်မီးသတ်ဆေးမှုန့်နဲ့ Level -2 အဆင့် ခေါ်ယူ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *