November 7, 2024

၇. ၁၁. ၂၀၂၄
Written by Nyein Kyaw

ACMECS အဖွဲ့ဝင်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရရှိရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနေသောကြောင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ရန်ပုံငွေယန္တရား တည်ထောင်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်သည့် (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး၌ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မျှော်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကိုရရှိနိုင်ရန် အားနည်းချက်များနှင့် စိန်ခေါ်မှုများကိုလည်း လေ့လာသုံးသပ်ကြောင်း၊ ACMECS အဖွဲ့ဝင်အများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သောကြောင့် နည်းလမ်းတစ်မျိုးတည်း အသုံးပြုပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရရှိရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနေကြောင်း SAC ဥက္ကဋ္ဌက ‌ပြောကြားသည်။

မိမိတို့အနေဖြင့် ACMECS ပင်မစီမံချက် (ACMECS Master Plan) တွင် ဖော်ပြထားသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဆန်းသစ်သည့် မဟာဗျူဟာများနှင့် လက်တွေ့ကျကျ အကောင်အထည်ပေါ်စေမည့် အသုံးချနိုင်သော ရန်ပုံငွေယန္တရားလည်းလိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ‌ပြောကြားသည်။

ထို့ကြောင့် ACMECS ရန်ပုံငွေယန္တရားထူထောင်ရေးနှင့် ရန်ပုံငွေရရှိရန် အလားအလာနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကိုရှာဖွေရန် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များနှင့် ချိတ်ဆက်မှုများအတွက် ထိုင်းနိုင်ငံ၏ဆန်းသစ်သည့် စိတ်ကူးကို အသိအမှတ်ပြုကြောင်း၊ ACMECS အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို မြှင့်တင်နိုင်ရန်အတွက် ဦးစားပေးအနေဖြင့် ACMECS ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ (ACMDF) ကို ထူထောင်နိုင်ရန်ဆန္ဒပြုကြောင်း SAC ဥက္ကဋ္ဌက ‌ပြောကြားသည်။

မကြာမီက ACMECS နိုင်ငံများသည် ဆိုင်ကလုန်း၊ တိုင်ဖွန်းမုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို တွေ့ကြုံခံစားခဲ့ကြရပြီး ယင်းစိန်ခေါ်မှုများသည်ဒေသတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ဒေသတွင်းသာယာဝပြောရေးကို ခြိမ်းခြောက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ‌ပြောကြားသည်။

ထိုကဲ့သို့ စိန်ခေါ်မှုများနှင့် ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဘေးကင်းရေးအသိပညာနှင့် ထိရောက်သည့်စီမံခန့်ခွဲမှုများနှင့် ဒေသတွင်းအဆင့် ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးနိုင်ရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ‌ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *