November 7, 2024

၇. ၁၁. ၂၀၂၄
Written by Nyein Kyaw

တရုတ်နိုင်ငံတွင် ယနေ့ ပြုလုပ်သည့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူး‌ပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ယူဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာပဋိပက္ခတို့ကို မိမိတို့အဖွဲ့ဝင်များအနေဖြင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရန် မဖြစ်မနေလိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး SAC ဥက္ကဋ္ဌနှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် (၄) နှစ်တာကာလအတွင်း ထိပ်သီးအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကျင်းပခွင့်ရသည့်အတွက် ဝမ်းသာ‌ပါကြောင်း၊ များပြားလှသည့် အစည်းအဝေးအချိန်ဇယားများမှ ယခုထိပ်သီး အစည်းအဝေးကို ပါဝင်တက်ရောက်ကြသည့် CLMV အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့များကို ကျေးဇူးတင်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးရှုပ်ထွေးမှု၊ နိုင်ငံတကာပဋိပက္ခ၊ စီးပွားရေးကျဆင်းမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင်မလုံလောက်မှု စသည်များကြားတွင် မိမိတို့သည် ကြံ့ကြံ့ခံနိုင်စွမ်းရှိရန် မဖြစ်မနေလိုအပ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စက်မှုနှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ CLMV ပူးပေါင်းဆောင်ရွက်မှုအောက်မှ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုအတွက် မိမိတို့သည် “CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင်” နှင့် “CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အကောင်အထည်ဖော်ရေးအစီအစဉ်” များကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

CLMV နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍသည် ဒေသတွင်းပေါင်းစည်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ထို့ကြောင့် CLMV နိုင်ငံများအနေဖြင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် နည်းပညာအသစ်များကို စဉ်ဆက်မပြတ်လေ့လာရန်နှင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး ရေရှည်တည်တံ့တည်သည့် အခြေအနေဖန်တီးပေးရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

CLMV အစည်းအဝေးကို နှစ်နှစ် တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း ထိပ်သီးအစည်းအဝေးကို ပုံမှန်ကျင်းပနိုင်ရေးနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ရလာဒ်များ ထွက်ပေါ်လာစေရန် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

(၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူး‌ပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌဖြစ်သည့် SAC ဥက္ကဋ္ဌက ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ထံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ပြီး ဗီယက်နက်နိုင်ငံဝန်ကြီးချုပ်က အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်ခံရယူခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *