◾️ တာဝန်ခံနိုင်မှုရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အမြဲကြိုဆိုလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများ အဆင်ပြေချောမွေ့စေရေးတို့ကို ဆောင်ရွက်ပေးထားကြောင်းပါ ပြောကြား
၇. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံအနေဖြင့် ACMECS အဖွဲ့ဝင်နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအခွင့်အလမ်းများ ဖန်တီးနိုင်ရန်နှင့် ဒေသတွင်းစီးပွားရေးစင်္ကြံများနှင့် ချိတ်ဆက်နိုင်ရန် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်သည့် (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး၌ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီယားနိုင်ငံ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone၊ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ACMECS အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အခွင့်အလမ်းများ ဖန်တီးနိုင်ရန်နှင့် ဒေသတွင်းစီးပွားရေးစင်္ကြံများနှင့် ချိတ်ဆက်နိုင်ရန် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံအတွင်းမြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချနိုင်စေရန် စွမ်းအင်ပို့လွှတ်ရေးနှင့် လျှပ်စစ်ဓာတ်အား ပေးဝေရေးကွန်ရက်များကို တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်မှုသည် ACMECS ဒေသ တစ်ခုလုံးအတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များအရ ဒေသတွင်းအကြားအလပ်မရှိ ချိတ်ဆက်မှုမြှင့်တင်ရာတွင် ခေတ်မီတိုးတက်သည့် နည်းပညာ၏ အရေးပါမှုကို မိမိအနေဖြင့် အလေးထားပြောကြားလိုကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံမှုရှိသည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများနှင့်အညီ ACMECS နိုင်ငံများအကြား ငွေကြေးနှင့် ကုန်သွယ်မှုဆိုင်ရာအစီအမံများ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် E-Governance ကွန်ရက်များကို အဆင့်မြှင့်တင်ပေးရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံသည် တာဝန်ခံနိုင်မှုရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို အမြဲကြိုဆိုလျက်ရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် ဘက်စုံစီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အလျင်အမြန်ဆောင်ရွက်ပေးခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများ အဆင်ပြေချောမွေ့စေရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် လာမည့် ACMECS ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံနိုင်မည့် အခွင့်အလမ်းကို မျှော်လင့်စောင့်စားလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး၏ “ ဗီယင်ကျန်းကြေညာစာတမ်း” ကို ထုတ်ပြန်ကြေညာကာ ACMECS ပင်မစီမံချက်၏ နောက်ဆက်တွဲအဖြစ် “မဲခေါင်ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သဘောတရားစာတမ်း” ကို ထည့်သွင်းခဲ့သည်။
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူ (ACMECS) ၏ သက်တမ်းမှာ ဆယ်စုနှစ် နှစ်ခုကို လွန်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ၂၀၀၃ ခုနှစ် ဧပြီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒေသခွဲအတွင်း စီးပွားရေးကွာဟချက်များ ကျဉ်းမြောင်းစေရန်နှင့် စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတစ်ရပ် ထူထောင်ရေး အဆိုပြုတင်သွင်းခဲ့မှုအပေါ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့က သဘောတူလက်ခံခဲ့ကြခြင်းဖြစ်သည်။
၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ACMECS ၏ ထိပ်သီးအစည်းအဝေးကို ကျင်းပကာ ပုဂံကြေညာချက်စာတမ်း (Bagan Declaration) ကို ထုတ်ပြန်ကြေညာ၍ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာကို စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။