၄. ၁. ၂၀၂၃
Written by Tha Doe
လူသတ်၊ မုဒိမ်း၊ ဗုံးခွဲ၊ မတရားအသင်း၊ သဘာဝဘေး၊ မူးယစ်၊ အကြမ်းဖက်၊ အဂတိနှင့် လက်နက်ဥပဒေများဖြင့် ထောင်ကျနေသူများမှအပ ကျန်အကျဥ်းသားများကိုလျှော့ရက် ၆ ပုံ ၁ ပုံ ခံစားခွင့်ပြုသည်ဟု SAC က သတင်းထုတ်ပြန်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ ကျခံနေရသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု SAC က ကြေညာသည်။
SAC အနေဖြင့် ယနေ့တွင် အကျဥ်းသား ၇၀၁၂ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူများတွင် NLD ဝန်ကြီးဟောင်း သူရဦးအောင်ကို၊ ဒေါ်သန်းမြင့်အောင်၊ ဦးထင်လင်းဦး၊ ဒေါက်တာအာကာမိုးသူ စသူများအပြင် သတင်းထောက်များလည်း ပြန်လည်လွတ်မြောက်ခဲ့သည်ဟု သိရသည်။