November 7, 2024

၇.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ၏ လူဦးရေထူထပ်လှသော လာဟိုးမြို့တွင် လေထုညစ်ညမ်းမှုကြောင့် တစ်ရက်အတွင်း လူ ၉၀၀ ကျော် ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း ဒေသအစိုးရက နိုဝင်ဘာလ ၆ ရက်က ပြောကြားခဲ့သည်။

အာဏာပိုင်များက ကျောင်းများကိုပိတ်ထားရန်၊ မျက်နှာဖုံးများဝတ်ဆင်ရန် ပြောကြားထားပြီး ရုံးများတွင်အလုပ်လုပ်ကိုင်သည့်ဝန်ထမ်းများကိုလည်း အင်အားပမာဏ လျှော့ချအလုပ်ဆင်းကြကာ အင်အားထက်ဝက်ခန့်ကို အိမ်မှသာ အလုပ်ဆောင်ရွက်ပေးကြရန် တောင်းဆိုထားခဲ့ကြောင်းလည်း သိရသည်။

အာဏာပိုင်များ၏ ထိုတောင်းဆိုမှုက အခြေအနေကိုပြန်လည်သုံးသပ်ပြီးသည်အထိ ဆယ်ရက်ခန့် တည်ရှိမည်ဟုလည်း သိရသည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် လည်ချောင်းအတွင်းပိုးကူးစက်မှုများကြောင့် ဆရာဝန်ထံ အရေးပေါ် ပြသရသူများအကြားတွင် ကလေးများနှင့် သက်ကြီးရွယ်အိုများ အများအပြား ပါဝင်ကြောင်း ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်သော မာရီယမ် ဩရန်ဇက်က နိုဝင်ဘာလ ၆ ရက် က သတင်းစာရှင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

လာဟိုးမြို့က ပြည်နယ်မြို့တော်အဖြစ်တည်ရှိသည့် ပါကစ္စတန်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သော ပန်ဂျပ်ပြည်နယ်မှ မြို့ဖြစ်ပြီး ဆောင်းကာလဆိုလျှင် ဘေးအန္တရာယ်များစွာရှိသော လေထုညစ်ညမ်းမှု အဆိုးဝါးဆုံးဒေသတစ်ခုအဖြစ် စာရင်းသွင်းခံထားရသည်။ဆောင်းရာသီအတွင်းဆိုလျှင် ကွင်းပြင်များ မီးရှို့သန့်ရှင်းမှုနှင့် မြို့ပြအဆောက်အအုံတို့မှထွက်ရှိလာသော မီးခိုးငွေ့များက နှေးကွေးသော လေစီးကြောင်းများနှင့်ရောနှောကာ လေထုညစ်ညမ်းမှုကို ပို၍ဆိုးဝါးစေခြင်းဟုသိရသည်။

ဆွစ်ဇာလန်နိုင်ငံမှ လေထုသန့်ရှင်းရေးနည်းပညာကုမ္ပဏီဖြစ်သော IQAir က လာဟိုးမြို့ကို ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအဆိုးဝါးဆုံးသော မြို့များတွင်ပင် ထိပ်ဆုံး၌တည်ရှိသောမြို့အဖြစ် နိုဝင်ဘာလ ၇ ရက်တွင်သတ်မှတ်ခဲ့သည်။ ၎င်း၏လေထု အရည်အသွေးဆိုးဝါးမှုအညွှန်းကိန်းက ၇၁ဝ ရှိရာ နယူးဒေလီမြို့ထက် နှစ်ဆခန့်မြင့်သည်ကို တွေ့ရသည်။

Ref- Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *