၇.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနိုင်ငံနှင့်နယ်စပ်ပြည်နယ်ဖြစ်သော နာရာသီဝပ်ပြည်နယ်အတွင်း ရူဆိုခရိုင်၊ ရူဆိုမြို့ ၏ မြို့တော်ဝန်ဖြစ်သူ ဝီချက်ထိုင်သွန်နမ်မှာ ယနေ့ နိုဝင်ဘာလ ၇ ရက် က ၎င်းပိုင်အထည်ချုပ်စက်ရုံ၌ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်အသေပစ်ခတ်ကာ လုပ်ကြံခြင်းခံခဲ့ရကြောင်း သိရသည်။
ထို အကြမ်းဖက်တိုက်ခိုက်မှုက ရူဆိုမြို့ရှိ Hand-in-Hand အထည်ချုပ်စက်ရုံတွင် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဝီချက် ထိုင်သွန်နမ်မှာ အသက် ၅၅ နှစ်ရှိပြီး စက်ရုံ၏အစည်းအဝေးခန်းအတွင်း ၎င်းအားသေနတ်ဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည်ကိုလည်း တွေ့ကြရသည်။
ရှေးဦးစုံစမ်းစစ်ဆေးချက်များအရ သေနတ်သမားလေးဦးက မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် ရူဆိုမြို့၏ ရာလေဘောကျေးရွာရှိ စက်ရုံသို့ ရောက်လာကြခြင်းဟု သိရသည်။ ထို့နောက် ၎င်းတို့က အစည်းအဝေးခန်းအတွင်းဝင်ရောက်ကြကာ ဝီချက်အား သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခဲ့ခြင်းဟု သိရသည်။ ထိုအချိန်က ဝီချက်မှာ စက်ရုံ၏ လူ့အဖွဲ့အစည်းလုပ်ငန်းမှ ဥက္ကဋ္ဌဖြစ်သူအမျိုးသမီး နျူရီ ဒီဝါဒါလေနှင့် ဆွေးနွေးမှု ပြုနေကြခြင်းဖြစ်သည်။ ပစ်ခတ်အပြီးတွင် သေနတ်သမားများက ချက်ချင်း ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
ဝီချက်မှာ ရူဆို မြို့တော်ဝန်အဖြစ် နှစ်ကြိမ်တင်မြှောက်ခံခဲ့ရသူဖြစ်ပြီး နာရာသီဝပ်ပြည်နယ်၏ အားကစားအဖွဲ့အစည်းဥက္ကဋ္ဌဖြစ်ကာ Hand-in-Hand အထည်ချုပ်စက်ရုံကို ပိုင်ဆိုင်သူဖြစ်သည်။ အာဏာပိုင်များက ထိုသို့ လုပ်ကြံသတ်ဖြတ်ရခြင်း၏အကြောင်းရင်းကိုလည်း စုံစမ်းနေကြကြောင်း သိရသည်။
စက်ရုံ၏လူ့အဖွဲ့အစည်းလုပ်ငန်းက အလုပ်နေရာများဖန်တီးပေးနိုင်ကာ ဒေသခံပြည်သူတို့အတွက် ဝင်ငွေရလမ်းတစ်ရပ်အဖြစ်ဖန်တီးပေးနိုင်မှုကြောင့်လည်း စက်ရုံသို့ လေ့လာရေး ခရီးစဉ်များ မကြာခဏလာရောက်လေ့ရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြသည်။ စက်ရုံဝင်းအတွင်းတွင် ဒေသထွက်ကုန်များကို ရောင်းချရာဆိုင်များလည်းရှိသည်ဟု သိရသည်။
Ref, Bangkok Post