၇. ၁၁. ၂၀၂၄
Written by Nay Moe
NUG ဩဇာခံ PDF ထိန်းချုပ်နယ်မြေတွင် ရက်စက်စွာသတ်ဖြတ်ခံရသော CDM ကျောင်းဆရာမိသားစုအရေး အမှုမှန်ဖော်ထုတ်ပေးရန် အိတ်ဖွင့်ပေးစာကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ထံ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC-CEC) က ယနေ့ ပေးပို့လိုက်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ (၄) ရက်နေ့ ညအချိန်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးအပါအဝင် ဇနီးသည် ဒေါခြိမ့်ခြိမ့်သဲဝေ၊ (၃)လအရွယ်ကလေးငယ် မရွှေဝတ်ရည်လွှာတို့ မိသားစု (၃) ဦးစလုံးကို နေအိမ်၌ပင် ရက်ရက်စက်စက် လူမဆန်စွာ လုပ်ကြံသတ်ဖြစ်ခံခဲ့ရကြောင်း ကြားသိရသည့်အတွက် ပညာရေး CDM ဝန်ထမ်းထု တစ်ရပ်လုံးက အံ့ဩတုန်လှုပ် ဝမ်းနည်းမိသည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ထို့အတူ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်စိုးမိုးနယ်မြေတွင် မြို့နယ်ပညာရေးလုပ်ငန်းများ ဦးစီးဆောင်ရွက်နေသည့် ပညာရေး CDM ဝန်ထမ်းတစ်ဦး၏ (၃) လအရွယ်ကလေးငယ်အပါအဝင် မိသားစုအလိုက် လူသားမဆန်စွာ လုပ်ကြံ သတ်ဖြတ်ခံရခြင်းကို မည်သည့်အကြောင်းနှင့်မျှ လက်ခံနိုင်စရာမရှိကြောင်း၊ ထိုကဲ့သို့ ရက်စက်ယုတ်မာသည့် လုပ်ကြံ သတ်ဖြတ်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် တော်လှန်ရေးအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ယခုထက် ပိုမိုအားကောင်းခိုင်မာရေး ၊ တရားမျှတမှုရရှိရေး နှင့် တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိစေရေးတို့အတွက် အမြန်ဆုံးအမှုမှန်ပေါ်ပေါက်စေရေး တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် PDF များ ထိန်းချုပ်စိုးမိုးနယ်မြေတွင် အလားတူဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေးအတွက် ယခုဖြစ်စဉ်များ အမှုမှန်ပေါ်ပေါက်ရေးမှာ အလွန်အရေးကြီးသောကြောင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ စစ်ကိုင်းဒေသတွင်းရှိ ဒေသန္တရတော်လှန်ရေးအင်အားစုများအားလုံးထံသို့ ဆရာဦးဝင်းဌေးမိသားစု သတ်ဖြတ်ခံရသည့်ကိစ္စရပ်အား အမြန်ဆုံး အမှုမှန်ပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် ဤအိတ်ဖွင့်ပေးစာကို ထုတ်ပြန်ပေးပို့အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။
PDF ကြီးစိုးနယ်မြေများတွင် သတ်ဖြတ်ခံရသည့် CDM ကျောင်းဆရာဦးဝင်းဌေးသည် NUG ၏ ကနီမြို့နယ် ပညာရေးတာဝန်ခံလည်းဖြစ်ပြီး ဦးဝင်းဌေးမိသားစုကဲ့သို့ပင် PDF နှင့် ပသုံးလုံးများကြီးစိုးကျက်စားရာ နယ်မြေများတွင် ဆရာတော် အုန္နဲပေါင်းရွာကျောင်းထိုင်ဆရာတော် ဦးဣန္ဒကသီရိ၊ ဆယ်တန်းကျောင်းသား မောင်မြင့်မြတ်ဦး၊ ပုလဲပအဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင်၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုသန်းထိုက် (ခ) ကိုညီညီ တို့မှာလည်း PDF နှင့် ပသုံးလုံးများ၏ လက်ချက်ဖြင့်သေဆုံးခဲ့ရသည့်ဖြစ်စဥ်နှင့် ဝေဖန်မှုများရှိသော်လည်း ထိုအမှုအားလုံးမှာ တရားခံမပေါ်ခဲ့သလို NUG ကလည်း တရားခံဖော်ထုတ်ပေးခြင်းမရှိကြောင်း MT News က ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။