၇.၁၁. ၂၀၂၄
Written by Shwe Phyo
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ရင်းတို့သည် မြန်မာနိုင်ငံရှိ PDF များအပါအဝင် လက်နက်ကိုင်အဖွဲ့များထံ တင်ပို့မည် ပေါက်ကွဲစေသော ပစ္စည်းအများအပြားကို နိုဝင်ဘာ ၆ ရက်နေ့က Serchhip အရပ်ဒေသရှိ Sailiamkawn ကျေးရွာနားတွင် ကြားဖြတ်ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ရင်းတို့သည် နိုဝင်ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်သော မီဇိုရမ်ပြည်နယ်ရှိ Thingsai ရွာမှ လူနှစ်ဦးနှင့်အတူ ဗုံးပြုလုပ်ရာတွင်အသုံးပြုသော စနက်တံပေါင်း ၉၆၀၀ ကို ထည့်သွင်းထားသည့် သေတ္တာ ၄၈ ခု၊ ဒီတိုနေတာ ၉၄၀၀ ကို ထည့်ထားသော သေတ္တာ ၉၄ ခု၊ မိုင်းတွင်းများဖောက်ခွဲရာတွင် အသုံးပြုသော ဒီတိုနေတာ အမျိုးအစား ကြိုးခွေ ၅ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲစေသော ပစ္စည်းများကို ပစ်ကပ်ကားဖြင့် တင်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ရင်းတို့က ကားကို ရပ်တန့်စစ်ဆေးချိန်အတွင်း မီဇိုရမ်ပြည်နယ်တွင်နေထိုင်သူ လူနှစ်ဦးနှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးရမိသူများက ပေါက်ကွဲစေသောပစ္စည်းအများပြားကို SAC အဖွဲ့ဝင်များအား တိုက်ခိုက်နေသော PDF များအပါအဝင် မြန်မာလက်နက်ကိုင်အဖွဲ့များထံ လွှဲပြောင်းပေးအပ်ရန် ရည်ရွယ်သယ်ဆောင်လာခြင်းဖြစ်သည်ဟု အိန္ဒိယ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ရင်းတို့က ပြောသည်။
မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် အဆိုပါအမှုနှင့်ပတ်သက်ပြီး ဆက်နွယ်သူများကို ထပ်မံစစ်ဆေးရှာဖွေနေကာ ဖမ်းဆီးရမိသူများကိုလည်း ပေါက်ကွဲစေသော ပစ္စည်းများ လက်ဝယ်တွေ့ရှိမှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များထံ လက်နက်များ၊ ပေါက်ကွဲစေသော ပစ္စည်းများ တင်ပို့ရန်ကြိုးပမ်းမှုများကို တားဆီးရန် ကြိုးပမ်းခဲ့ပြီး မကြာခဏ ဖမ်းဆီးရခြင်းများရှိခဲ့သည်။
REf timeofindia