၇.၁၁.၂ဝ၂၄
Written by K Pyay Thein
မန္တလေးမြို့မှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခိုးယူမောင်းနှင်ပြီး ကားခိုးသွားသူတွေက ကားဘထ္တရီအိုးတစ်ခုကိုသာဖြုတ်ခိုးကာ ကားကိုလမ်းဘးတစ်နေရာမှာ ပြန်လည်စွန့်ပစ်ထားခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၁၃၉ လမ်းနဲ့ ၅၉ လမ်းကြားမှာရပ်ထားတဲ့ 8E/9316 ၆ ဘီးကားကို နိုဝင်ဘာလ ၆ ရက် ညနေပိုင်းထဲက ခိုးယူခံခဲ့ရခြင်းဖြစ်တယ်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။
“အခုကားက ပြန်တွေ့ပါပြီ။ စက်မှုထဲမှာပဲ ပြန်တွေ့တာပါ။ သူတို့ကားခိုးသွားပြီးတော့ တစ်နေရာမှာ ကားကိုရပ်ပြီး ကားမှာပါတဲ့ ဘထ္တရီအိုးကိုဖြုတ်ခိုးတယ်။ စပါယ်ယာဝီးလ်ဘီးအပိုကိုလည်း ဖြုတ်တယ်။ ဒါပေမဲ့ စပါယ်ယာဝီးလ်ဘီးအပိုက ဖြုတ်လို့မလွယ်လို့ ကျန်ခဲ့တယ်။ ကားဘထ္တရီအိုးကတော့ သူခိုးတွေနောက်ပါသွားပါတယ်။ အခုကားက ကျွန်တော်တို့လက်ထဲပြန်ရောက်နေပါပြီ”လို့ ၆ ဘီးကားပိုင်ရှင်ဖြစ်သူက MT News ကို ပြောပါတယ်။
အစပိုင်းမှာတော့ ကားခိုးယူခံရတာနဲ့ပတ်သက်လို့ ကားပိုင်ရှင်ဖြစ်သူတွေက တွေ့ရှိပါက အကြောင်းကြားဆက်သွယ်ပေးဖို့ လူမှုကွန်ရက်ပေါ်မှာမေတ္တာရပ်ခံထားခဲ့တာဖြစ်ပြီး ရက်ပိုင်းအကြာမှာတော့ ပျောက်ဆုံးသွားတဲ့ကားကို မန္တလေးစက်မှုထဲကနေ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ