၇.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့က မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့က ချမှတ်ထားသော အများသဘောတူဆန္ဒငါးချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သေချာစေရန်အတွက် နိုဝင်ဘာလ ၆ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
ထိုသဘောတူညီမှုက အထူးသဖြင့် သက်ဆိုင်သူ အားလုံးပါဝင်သော ညှိနှိုင်းဆွေးနွေးမှုမှ အဖြေရှာရန်နှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးသွားရန်တို့အတွက်လည်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားသမ္မတ ပရာဗိုဝို ဆူဘီယန်တိုက မြန်မာနိုင်ငံနှင့်ပတ်သက်၍ သက်ဆိုင်သူ အားလုံးပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲကျင်းပရေးနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာသောအကူအညီများပေးရေးအတွက် အများသဘောတူဆန္ဒငါးချက်အရ ဆောင်ရွက်သွားရန် သဘောတူကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
၎င်းက မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ပူးတွဲသတင်းစာရှင်းပွဲတစ်ခုကို စင်ကာပူဝန်ကြီးချုပ် လောရင့်ဝန်နှင့်အတူပြုလုပ်စဉ် ဤသို့ မှတ်ချက်ချပြောခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာထိန်းခဲ့ပြီးနောက် အကျပ်အတည်းအခြေအနေ ဖြစ်ပေါ်လာခြင်းအတွက် ဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များက အများသဘောတူဆန္ဒငါးချက်ကို ၂၀၂၁ ခုနှစ်က သဘောတူချမှတ်ခဲ့ကြသည်။
ထိုအများသဘောတူဆန္ဒငါးချက်က အကြမ်းဖက်မှုများချက်ချင်းရပ်ဆိုင်းရေး၊ ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့အစည်းအားလုံး ညှိနှိုင်းဆွေးနွေးရေး၊ ကြားဝင်ဖျန်ဖြေမှုနှင့် ညှိနှိုင်းဆွေးနွေးရေးကို အထောက်အကူပေးရန် အာဆီယံ၏ အထူးသံတမန်ခန့်ထားရေး၊ အာဆီယံမှ လူသားချင်းစာနာသောအထောက်အကူများ ပေးပို့ရေးနှင့် အထူးသံတမန်က မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မှုနှင့် ပဋိပက္ခတွင်ပါဝင်သူများအားလုံးနှင့်တွေ့ဆုံနိုင်ရေး မြန်မာအစိုးရက ခွင့်ပြုရန်တို့ကို တောင်းဆိုထားသည်။
လာအိုနိုင်ငံ၊ ဗီယင်တိန်းမြို့တွင် နောက်ဆုံးကျင်းပခဲ့သော အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီးဟောင်းရက်နို မာဆူဒီက အာဆီယံအတွင်း မြန်မာနိုင်ငံအရေးအပေါ် သဘောထားနှင့် ရှုမြင်မှုများတွင် ကွဲပြားမှုများရှိသော်လည်း အာဆီယံအနေဖြင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပနိုင်ရေးကို အားပေးလျက်ရှိကြောင်း ပြောခဲ့သည်။
မြန်မာနိုင်ငံ ပြဿနာကို မဖြေရှင်းနိုင်မှုကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်ပွားရခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုးအများအပြားဖြစ်စေရခြင်းအတွက် ပြဿနာပေါင်းများစွာနှင့်ရင်ဆိုင်နေရသော အာဆီယံအဖို့ မြန်မာနိုင်ငံအရေးတွင် ညှိနှိုင်းဆွေးနွေးပွဲကျင်းပနိုင်မှုက ပို၍အရေးကြီးလာနေရသည်။
မာဆူဒီက မြန်မာနိုင်ငံအခြေအနေက ပို၍ကောင်းမလာသေးဘဲ ပို၍ဆိုးလာနေသည်ဟု အာဆီယံနိုင်ငံများက ယူဆကြောင်းလည်းပြောခဲ့သည်။
အာဆီယံဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ နိုင်ငံရေးဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခြင်းကို အာဆီယံက ခွင့်မပြုခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ နည်းပညာဆိုင်ရာတာဝန်ရှိသူများကို တက်ရောက်ခွင့်ပြုခဲ့သည်။
Ref-Antara