၇. ၁၁. ၂၀၂၄
Written by Nyein Kyaw
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ (GMS) ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit)ကို ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆမ်ဒက်မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဘုရင့်နိုင်ငံဝန်ကြီးချုပ် မဒမ် ဖိထောင်တန် ရှင်နာဝပ်ထရာ၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာမာဆာဆုဂု အာဆာကာဝါနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြခဲ့သည်။
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို အပိုင်း ၂ ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ကာ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် SAC ဥက္ကဋ္ဌအား တရုတ်နိုင်ငံဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ကျင်းပပြုလုပ်ရာ သဘာပတိဖြစ်သူ တရုတ်နိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ် တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးအစီအစဉ် ဒုတိယအပိုင်းအဖြစ် “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရအစိုးရကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးအား အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဥက္ကဋ္ဌတို့က အသီးအသီးအမှာစကား ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက သတ္တမအကြိမ် GMS ထိပ်သီးအစည်းအဝေးနောက်ပိုင်း ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို နိုင်ငံ့ခေါင်းဆောင်များထံ အစီရင်ခံတင်ပြခဲ့သည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ်အစီရင်ခံစာကို ယူနန်အစိုးရအဖွဲ့မှ တာဝန်ရှိသူက လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ အစည်းအဝေးရလဒ်ကို GMS အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြကြပြီး ထိပ်သီးအစည်းအဝေးပူးတွဲ ကြေညာချက်နှင့် GMS ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြုချမှတ်ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ အရပ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program)ကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ် သုံးခုနီးပါး အောင်မြင်စွာ ရပ်တည်လျက်ရှိသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း သိရသည်။
GMS အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀)နှစ် ပြည့်မြောက်သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃)နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည်။
ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလဒေသခွဲ ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။