◾ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ၄ ကြိမ်တိုင်တိုင် AA များ ဆုတ်ခွာသွားခဲ့ရကြောင်းဒေသခံများပြော
၆.၁၁.၂၀၂၄
Written By Zun
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့အနီး ပန်းမြောက်တောင်တိုက်ပွဲတွင် AA လက်နက်ကိုင် ၂၀၀ ကျော် သေဆုံးခဲ့ ကြောင်း သေခံများက MT News ကို ပြောပြချက်အရ သိရသည်။
တပ်မတော်နှင့် AA အဖွဲ့တို့ နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီခန့်အချိန်ခန့်တစ်ကြိမ်၊ နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်း ၁ နာရီခန့်အချိန်တွင်တစ်ကြိမ်၊ နိုဝင်ဘာ ၅ ရက် နံနက်၈ နာရီအချိန်ခန့်တွင် တစ်ကြိမ် ၊ ယနေ့ နိုဝင်ဘာ ၆ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် တစ်ကြိမ် ၄ ကြိမ်တိုင်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“AA က သေတာက မနေ့က တိုက်ပွဲမှာ သေတာလို့ ကျွန်တော်တို့ ကြားတယ်။ သေတာ အယောက် ၂၀၀ ကျော်တယ်တဲ့။ ခါတိုင်းဆိုရင် မီဒီယာတချို့မှာ တပ်မတော်ဘက် တစ်ယောက်လောက် ကျတယ်ဆိုတာကို ဝေေ၀ဆာဆာ ဖော်ပြကြတယ်။အခုက AA သေတာကို ရေးကြတာ မတွေ့ဘူး။ ဒါပေမဲ့ တောင်ကုတ်က လူတွေက သိတယ်။ AA အယောက် ၂၀၀ ကျော်လောက် သေတာကို သိကြတယ်”ဟု တောင်ကုတ်မြို့ခံ တစ်ဦးက MT News ကို ပြောသည်။
တပ်မတော် သတင်းရင်းများအရ ယနေ့နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီအချိန်ခန့်က တောင်ကုတ် တက္ကသိုလ်အနီးလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးကင်းစခန်းကို AA အဖွဲ့မှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် (၁)နာရီခန့် အချိန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် ည ၈ နာရီခွဲအချိန်ခန့်တွင် ပန်းမြောက်တောင် လမ်းခွဲနေရာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းကို AA အဖွဲ့မှ လာရောက် တိုက်ခိုက်ခဲ့သော ကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်က တောင်ကုတ်မြို့မြောက်ဘက် မီတာ(၂၅၀၀)ခန့်အကွာ တောင်ကုတ် တက္ကသိုလ်အနီး ကာကင်းစခန်းကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်နှင့် မိနစ် (၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပန်းမြောက်တောင် လမ်းခွဲနေရာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်များ ရှိကြောင်း တပ်မတော်သတင်းရင်းမြစ်များထံက သိရသည်။
ပန်းမြောက်တောင်သည် တောင်ကုတ်မြို့ အရှေ့ဘက် မီတာ(၃၈၀၀) ခန့်အကွာတွင် ရှိသောနေရာဖြစ်ပြီး လက်ရှိတွင် AA အဖွဲ့ကို မြေပြင်၌ ရင်ဆိုင်တိုက်ခိုက် ထိန်းချုပ်ထားနိုင်ကြောင်းလည်း သိရသည်။
တောင်ကုတ်မြို့တွင် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅)၊လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၅၄၄) ၊ ခမရ(၃၄၆)တို့ရှိနေကြခြင်းဖြစ်ပြီး AA ၏ ထိုးစစ်ကို ခုခံကာကွယ်ရန် အသင့်အနေအထား ရှိနေကြောင်းလည်း သိရသည်။