November 7, 2024

◾️ SAC အစိုးရ၏ နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကို ချီးကျူးကြောင်းနှင့် မြန်မာနိုင်ငံ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း တရုတ်ဝန်ကြီးချုပ် ပြောကြား

◾️ မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက်သွားမည်

၆. ၁၁. ၂၀၂၄
Written by Nyein Kyaw

ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး တိုက်ခိုက်ခဲ့သည့် MNDAA ၊ TNLA နှင့် AA တို့က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးသော ငြိမ်းချမ်းရေးသဘောတူညီချက်ကိုပါ ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းကြောင့် အဆိုပါသုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေး များတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် SAC ဥက္ကဋ္ဌသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ MNDAA ၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည်အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တပ်မတော်လုံခြုံရေးတပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၌ အင်အားသုံးစတင်တိုက်ခိုက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တရုတ်အစိုးရ၏ကြားဝင် စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျင် မိမိတို့အနေဖြင့်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် နည်းပညာအကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက်လက် ဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ စီးပွားရေး စင်္ကြံ တည်ဆောက်မှုစီမံချက်အား မြန်မာဘက်မှ အလေးထားဆောင်ရွက်နေကြောင်း ပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေး ကဏ္ဍတို့တွင် လုပ်ဆောင်လိုသည့် အစီအမံများအား SAC ဥက္ကဋ္ဌက အသေးစိတ်ညှိနှိုင်း ပြောကြားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေး ကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း ‌ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာ နိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *