November 7, 2024

ဖြိုးဝေ
၆. ၁၁. ၂၀၂၄

စစ်ပွဲတွေကို ရပ်ဆိုင်းမယ်ဆိုပြီး စီးပွားရေးတိုးတက်မှုပဲ အာရုံစိုက်မယ့် ဒေါ်နယ်ထရမ့်ပ် တစ်ကျော့ပြန်ရွေးကောက်ခံရမှုဟာ စစ်ကိုမှီပြီး စီးပွားရှာတဲ့လုပ်ငန်းတွေနဲ့ ကမ္ဘာ့ရွှေစျေးကွက် ဆွဲတင်ခံရတဲ့ဖြစ်စဉ်တွေ ကင်းဝေးစေဖို့ များလာပြီဖြစ်ပြီး အမေရိကန်ပထမဖြစ်ဖို့ စီးပွားရေးကို ဘယ်လိုကိုင်တွယ်မလဲစောင့်ကြည့်ရမဲ့ အခြေအနေဖြစ်လာနေချိန်မှာ မြန်မာနိုင်ငံကလည်း ခက်ခဲပြိုလဲနေတဲ့ကြားက ကောင်းကွက်လေးတွေအဖြစ် လေးလဆက်တိုက် ကျဆင်းခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်မှုဆို ငွေကြေးဖောင်းပွမှုဒဏ် သက်သာလာခဲ့လို့ ဝယ်လိုအားမြင့်တက်လာမယ်ဆို လာမယ့်လတွေမှာ ကုန်ထုတ်လုပ်မှု ပြန်လည်ဦးမော့လာနိုင်တယ်လို့ ဂျပန်နိုင်ငံက S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းက အစီရင်ခံလာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း အာဆီယံဒေသအတွင်း အစားအစာစွန့်ပစ်မှုအများဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၅ နေရာမှာ ရပ်တည်နေတယ်ဆိုတဲ့ မကောင်းသတင်းမျိုးတွေလည်း စစ်တမ်းထွက်လာပေမဲ့ SAC ဥက္ကဋ္ဌရဲ့ ဒီသုံးနှစ်ကျော်အတွင်း ပထမဆုံး တရုတ်ခရီးစဉ်မှာ Risk ယူမြှုပ်နှံရဲတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွက် လိုအပ်ချက်ရှိနေတဲ့ ကဏ္ဍတွေမှာ လာရောက်မြှုပ်နှံဖို့ ဖိတ်ခေါ်တာမျိုးလည်း အားတက်စရာတွေ့ရပါသေးတယ်။ ဒါ့အပြင်လည်း နိုဝင်ဘာလအတွက် ရည်ညွှန်းဆန်ဈေးနှုန်း ထုတ်ပြန်ခဲ့ရာမှာ အဓိက ပြည်တွင်းစားဆန်ဈေးနှုန်းတွေ ပြောင်းလဲမှုမရှိဘဲ ပြည်ပတင်ပို့မှုနဲ့ ပြည်တွင်းစားသုံးမှုပါရှိတဲ့ ဆန်တချို့ စျေးအနည်းငယ်ကျဆင်းသွားတာ၊ ပို့ကုန်‌ရငွေ ၇၅ ရာခိုင်နှုန်း လွတ်လပ်စွာရောင်းဝယ်ခွင့်ပေးထားတဲ့ နယ်စပ်ကုန်သွယ်မှုမှာ ပို့ကုန်ပစ္စည်း ၈ မျိုးကိုသာ ခွင့်ပြုထားရာက ကြက်သွန်၊ သစ်သီးမျိုးစုံအပါအဝင် ပို့ကုန် ၇ မျိုးကိုပါ ထပ်မံခွင့်ပြုပေးတာ၊ နိုင်ငံတကာ ထိုးဖောက်နိုင်မယ့် မြန်မာ့တိုင်းရင်းဆေးတွေ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ဖို့ SAC ဒုဥက္ကဋ္ဌ ပြောကြားတာ စတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ FATF မှာ မြန်မာနိုင်ငံက အဆင့်တက်လာတဲ့အကြောင်း၊ ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှု သတ်မှတ်လိုက်ချိန်မှာ မလိမ့်တစ်ပတ် မှောင်ခိုစျေးကွက်ပုံစံသစ်တွေ ပေါ်ထွန်းလာတဲ့ အခြေအနေနဲ့ ကုန်စျေးနှုန်းအပေါ် အဓိက သက်ရောက်စေတဲ့ လျှပ်စစ်ကို PDF တွေ ဖျက်ဆီးထားလို့ လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းပဲ ထုတ်လုပ်နိုင်တယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

◾ အဆင့်သတ်မှတ်ချက် တိုးတက်လာတဲ့ FATF

၂၀၂၂ ခုနှစ် အောက်တိုဘာမှာ မြန်မာနိုင်ငံကို FATF (Financial Action Task Force) က တစ်ကျော့ပြန် Blacklist သွင်းလာခဲ့သလို မြန်မာနိုင်ငံအနေနဲ့ (၁) အဓိကနယ်ပယ်တွေမှာ ငွေကြေးခဝါချမှုတွေ ဖော်ပြဖို့ ပျက်ကွက်တာ၊ (၂) အတွင်းအပြင်စစ်ဆေးခြင်းတွေက ဘေးအန္တရာယ်မြင့်မားစေမှုနဲ့ ဟွန်ဒီ ငွေကြေးလုပ်ငန်းရှင်တွေကို ကြီးကြပ်မှုထားမှု ဖော်ပြဖို့ ပျက်ကွက်တာ၊ (၃) LEA စုံစမ်းစစ်ဆေးမှုတွေမှာ ငွေကြေးထောက်လှမ်းမှု အသုံးပြုမှုကို ဖော်ပြဖို့ပျက်ကွက်တာ၊ (၄) ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးဖို့ သေချာမှုမရှိတာ၊ (၅) နိုင်ငံတကာအဖွဲ့အစည်းတွေကို ငွေကြေးခဝါချမှုကိစ္စတွေ စုံစမ်းစစ်ဆေးမှုကိုဖော်ပြဖို့ ပျက်ကွက်တာ၊ (၆) နိုင်ငံတော် ဘဏ္ဏာအဖြစ်သိမ်းယူတဲ့ ပြစ်မှုဆိုင်ရာငွေကြေးအမြတ်အစွန်းတွေ ပစ္စည်းတွေနဲ့ တန်ဖိုးတူညီတဲ့ မြေယာအဆောက်အဦတွေ တိုးလာတာကိုဖော်ပြဖို့ ပျက်ကွက်တာ၊ (၇) နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းဆည်းရမိပစ္စည်းတွေရဲ့ တန်ဖိုးကိုထိန်းသိမ်းဖို့၊ သိမ်းဆည်းရမိအဖိုးတန်ပစ္စည်းတွေကို စီမံခန့်ခွဲဖို့ ပျက်ကွက်တာ၊ (၈) PF နဲ့ သက်ဆိုင်တဲ့ ငွေကြေးပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပျက်ကွက်တာ စတဲ့ ကိုင်တွယ်ဖြေရှင်းရမဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ၂ နှစ်အကြာ ဒီကာလမှာတော့ မြန်မာနိုင်ငံဟာ NUG ၊ PDF နဲ့ EAO တွေရဲ့ လူအများအပြားသေကြေစေနိုင်တဲ့ လက်နက်တွေဝယ်ယူဖို့ ထိုင်းနိုင်ငံကို တစ်ဆင့်ခံပြီး ငွေကြေးစီးဆင်းမှု လုပ်နေတဲ့ကြားက မြန်မာနိုင်ငံက ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းတွေ၊ လူအများအပြားသေကျေစေတဲ့ လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပြီး FATF က အဆင့်သတ်မှတ်ချက်တွေ တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

FATF က ပိတ်ဆို့အရေးယူမှုဟာ နိုင်ငံ့အတွက် သိက္ခာထိခိုက်တာ၊ လုပ်ငန်းရှင်တချို့ ခက်ခဲတာကလွဲရင် ဆိုးဆိုးရွားရွား မထိခိုက်ပါဘူးလို့ နိုင်ငံကို ချစ်မြတ်နိုးပြီး အနာဂတ်ကို တွေးဆသူတွေက အစိုးရိမ်မလွန်ဖို့ သတိပေးခဲ့ကြပေမဲ့လည်း အစိုးရတစ်ရပ်ကို မကျေနပ်တာကြောင့် လူတစ်စုက ကုန်စျေးနှုန်းနဲ့ ရွှေငွေဒေါ်လာ အိမ်ခြံမြေကား စတဲ့ အခြေပစ္စည်းတွေကို FATF အကြောင်းပြုလို့ စျေးကစားဆွဲတင်ခဲ့ကြတာကြောင့် ဒီနေ့ဒီကာလမှာ FATF က ရလဒ်ကောင်းထွက်လာနေပေမဲ့ မြန်မာ့ရွှေငွေ၊ အိမ်ခြံမြေကား စတာတွေနဲ့ ကုန်စျေးနှုန်းကတော့ သာမန်ပြည်သူတွေအဖို့ အလွန်တရာခဲခက်လှတဲ့ အခြေအနေကို ရောက်လာခဲ့တဲ့အထိ ဆွဲတင်ခံခဲ့ရပါတယ်။ ဒီလို ငွေဖောင်းပွမှုဖြစ်အောင် ကုန်စျေးနှုန်းအဆမတန်တက်လာအောင် လုပ်ဆောင်မှုတွေဟာ နိုင်ငံရေးတည်ငြိမ်တဲ့အပြောင်းအလဲတစ်ခုဖြစ်လာမှ ရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ် ထွက်ပေါ်လာမှ ပြန်လည်ကျဆင်းလာမဲ့ အလးအလာရှိပြီး ဒီကာလကတော့ ၂၀၂၅ ရွေးကောက်ပွဲအပြီး ၂၀၂၆ ဧပြီ ၁ ရက်မှာ ရွေးကောက်ခံအစိုးရသစ်တစ်ရပ် ထွက်ပေါ်လာမှ မြင်ရဖွယ်ရှိတာကြောင့် လက်ရှိမှာ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ အိမ်ခြံမြေရွှေငွေကားစျေးနှုန်းတွေ ပြန်လည်ကျဆင်းဖို့ဟာ ၂ နှစ်လောက်တော့ ထပ်ပြီးတောင့်ခံရဦးမယ့် သဘောပါ။

◾ ရွှေဇာတ်လမ်းစုံ

ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလို့ သတ်မှတ်ပြီး ဒီသတ်မှတ်ချက်အရ ဖောက်ဖျက်သူဟာ ထောင်သုံးနှစ်အထိ ချခံရနိုင်တယ်ဆိုတာကြောင့် ရွှေကို အလျော့တွက် လက်ခ၊ အဆမတန်တောင်းခံမှုတွေအပြင် နောက်ထပ်သော အကွက်ဆန်းတွေအဖြစ် ရွှေဆိုင်တွေက ရွှေရောင်းချရာမှာ ပန်းတိမ်အပ်တယ်လို့ပဲ စာရွက်လွတ်ပေါ် ရန်ကုန်ရွှေအသင်း ရည်ညွှန်းစျေးနဲ့ ရောင်းပေးတဲ့စျေးကွက်က တစ်ခေတ်ဆန်းသစ်လာပြန်ပါတယ်။

MT News တွေ့မြင်ရတဲ့ ရွှေဘောက်ချာတစ်ခုဆိုလည်း ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားပြီး ကြော်ငြာအားကောင်းတဲ့ ရွေဆိုင်ကြီး တစ်ဆိုင်ကနေ ရွှေနှစ်ကျပ်သားကျော် ဝယ်ယူခဲ့ပေမယ့် ရွှေဆိုင်နာမည်နဲ့ ဘောင်ချာမရရှိဘဲ စက္ကူဖြူတစ်ရွက်ပေါ်မှာ ဝယ်သူနာမည်၊ ဖုန်းနံပါတ်၊ ရွှေအလေးချိန်နဲ့ ရွှေအသင်းရည်ညွှန်း ပေါက်ဈေးကို ရေးပေးပြီး သူတို့ဆိုင်မှာ ပန်းတိမ်အပ်ထည်အသိအမှတ်ပြု စာရွက်အဖြစ် ဝယ်ယူသူကိုပေးကာ ကျပ် ၃၆ သိန်းကျော် ပိုယူလိုက်တာလည်း တွေ့ရသလို အခုဆို ရွှေဆိုင်တွေက ရွှေကို အိမ်ခြံမြေကားတွေနဲ့ ဒဲ့လဲတယ်ဆိုတဲ့ အရောင်းစျေးကွက်ပုံစံသစ်လည်း ပေါ်လာပြန်တာ တွေ့ရပါတယ်။

ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုသတ်မှတ်ချိန်မှာ ဝိသမလောဘသားတွေက ရည်ညွှန်းစျေးက တစ်မျိုး၊ မှောင်ခိုစျေးက တစ်ဖုံ၊ အလဲအထပ်က တစ်သွယ်နဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေကို ပုံစံအမျိုးမျိုး ကျော်လွှားနေတာ တွေ့ရပါတယ်။ ဒီလိုမျိုးတွေ လုပ်ဆောင်နေခြင်းကလည်း ဥပဒေအရ အရေးယူရမှာကို ထိထိရောက်ရောက်မလုပ်ဆောင်လို့ဆိုတာ တွေ့ရပြီး ဥပမာအားဖြင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းဟာ ရွှေစျေးကစားဆွဲတင်မှုနဲ့ ဖမ်း၀ရမ်းထုတ်ခံထားရသူဖြစ်ပေမဲ့ သူကတော့ အေးဆေးသာယာစွာသွားလာနေပြီး နိုဝင်ဘာ ၃ ရက် ထိုင်းကို ထွက်မဲ့အချိန်မှသာ ပြည်ပထွက်ခွင့်အပိတ်ခံထားရသူလို့ ပြည်သူတွေသိရသလို ဖမ်း၀ရမ်းထုတ်ခံထားရသူကို မဖမ်းဘဲ အိမ်ပြန်ပို့လိုက်တာမျိုးတွေက ရွှေစျေးကစားသူတွေကို အတင့်ရဲစေခဲ့ပါတယ်။ ဦးအောင်ဆန်းဝင်းလိုမျိုးပဲ ဇွဲထက်၊ အကယ်ဒမီ စတဲ့ ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၁၀ ဦး၊ စီးပွားရေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သူ ၂၁ ဦးကိုလည်း ဘယ်လိုအရေးယူထားလဲဆိုတာ ပြည်သူတွေက မသိကြတော့ပါဘူး။ ဒီလိုမျိုး မျက်နှာကြီးရာ ဟင်းဖတ်ပါနေတာမျိုး၊ ဖမ်း၀ရမ်းထုတ်ထားပြီးမှ အရေးမယူတာမျိုးတွေ ဆက်ဖြစ်နေသရွေ့လည်း ရွှေစျေးကွက်ထိန်းနိုင်ဖို့နဲ့ စီးပွားရေးတည်ငြိမ်အောင် လုပ်ဆောင်ဖို့ မလွယ်ကူပါဘူးဆိုတာ အကြံပြုချင်ပါတယ်။

◾ ၅၀ ရာခိုင်နှုန်းပဲ ထုတ်နိုင်တော့တဲ့ လျှပ်စစ်

PDF တွေ တိုက်ခိုက်ဖျက်ဆီးထားတာကြောင့် ၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ ရွှေလီစက်ရုံ၊ ၂၄၈ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ ဘီလူးချောင်း ၊ ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ ရွှေကျင်၊ ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ သဖန်းဆိပ်၊ ၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ ရာဇဂြိုလ်၊ ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ မြစ်သား၊ ၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ ဆည်တော်ကြီး၊ ၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ မြင်းခြံ V Power စတဲ့ စီမံကိန်းတွေက ရပ်ဆိုင်းနေသလို LNG နဲ့ လည်ပတ်ရတဲ့ ရန်ကုန်တိုင်းဒေသကြီး သီလဝါက ၄၀၀ မဂ္ဂါဝပ်စက်ရုံနဲ့ သာကေတက ၃၀၀ မဂ္ဂါဝပ်ရှိတဲ့ စက်ရုံတွေအပါအဝင် မဂါဝပ် ၁၆၀၀ ကျော်က မလည်ပတ်နိုင်တော့ပါဘူး။ ဒီကြားထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရာဂီရေကြီးမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပျက်စီးကုန်ပြီး မလည်ပတ်နိုင်တော့တာကြောင့်လည်း လက်ရှိမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုက လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းပဲ ရှိတော့တဲ့ အခြေအနေဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ရေကြီးရေလျှံကာလမှာဆိုရင်လည်း PDF တွေက ရေအားထုတ်လုပ်တဲ့ဆည်တွေကို စီးနင်းသိမ်းပိုက်ပြီး ဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်လိုက်ပေမဲ့ ဆည်ရေပြည့်ချိန်မှာ ဘယ်လိုထိန်းပြီးလွှတ်ရမလဲဆိုတဲ့အသိဉာဏ်မရှိတာကြောင့် ကယားပြည်နယ်လိုနေရာမျိုးဆို ရေတွေ အဆမတန်လျှံပြီး PDF ၁၈ ယောက်အပါအဝင် လူ ၃၀ နီးပါး သေခဲ့ရပါသေးတယ်။ ဒီလိုမျိုး လျှပ်စစ်စီမံကိန်းဆိုတာက ဒီနေ့လုပ် ဒီနေ့ရတာမဟုတ်ဘဲ လကနေ နှစ်ဆယ်ချီပြီး တည်ဆောက်ရတယ်ဆိုတာကို သဘောမပေါက်ဘဲ ရေအားလျှပ်စစ်ဖျက်ဆီးလည်း လက်ခုပ်တီး၊ မဟာဓာတ်အားလိုင်းတွေ တာဝါတိုင်တွေ ဗုံးခွဲလည်း အားပေး၊ လက်နက်မဲ့ဝန်ထမ်းတွေကိုသတ်ပြီး ဓာတ်အားခွဲရုံတွေ ဖျက်ဆီးလည်း ထောက်ခံခဲ့ကြတာကြောင့် အခုလို မိုးမကုန်ရေများနေတဲ့ကာလမှာတောင်မှာ လျှပ်စစ်က တစ်ရက် ၈ နာရီလောက်ပျက်နေပြီဖြစ်လို့ နွေဆိုရင် ပိုဆိုးတော့မဲ့အခြေအနေဖြစ်သလို အပူဒဏ်မခံနိုင်သူတွေအဖို့တော့ လာမဲ့နွေဟာ အသက်ဘေးပူစရာလည်း ဖြစ်လာဦးမှာပါ။ နိုင်ငံနဲ့ ပြည်သူကို တိုက်ရိုက်ထိပါးပြီး ကုန်စျေးနှုန်းအပေါ်လည်း ကြီးမားတဲ့ သက်ရောက်မှုရှိတဲ့ လျှပ်စစ်မီးကဏ္ဍကို အကျိုးမဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေဟာ ပြည်သူပဲနစ်နာတာဖြစ်သလို ပြန်တည် ဆောက်ရင်လည်း ပြည်သူ့ငွေပဲကုန်ကျပြီး အချိန်ကလည်း နှစ်ချီပေးရတာပါ။ အလုံးစုံပျက်သုဥ်းရေးမူနဲ့ NUG၊ PDF ၊ EAOs တို့ ဖျက်ဆီးမှုတိုင်းဟာ နိုင်ငံနဲ့ ပြည်သူကိုပဲနစ်နာစေတယ်ဆိုတာ သဘောမပေါက်ဘဲ အကြမ်းဖက်ဖျက်ဆီးမှုနဲ့ အလုံးစုံပျက်သုဥ်းရေးကို ထောက်ခံနေသရွေ့တော့ ဖျက်ဆီးလေ ကုန်စျေးနှုန်းတက်၊ စီးပွားကျ ကျပ်တည်းလေနဲ့ ဝဋ်ဆက်ခံရမှာလည်း ပြည်သူပါပဲလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *