November 7, 2024

၆.၁၁.၂၀၂၄
Written byKL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန် အပိုင်း(၇)၊ တပင်ရွှေထီးလမ်းရှိ တာယာဂိုထောင်တွင် ယနေ့ နိုဝင်ဘာ ၆ ရက် နံနက် ၁ နာရီမထိုးမီ ၁၅ မိနစ်အလိုက မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ဂိုထောင်ပိုင်ရှင် တရုတ်နိုင်ငံသားကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မီးလောင်မှုမှာ အလျား ပေ ၁၈၀၊ အနံ ပေ ၁၀၀ ရှိသော Steel Structure အဆောက်အအုံတွင် လုပ်ငန်းသိမ်းချိန်၌ ​တာယာအမှုန့်ကြိတ်စက်ကို ပိတ်ထားခဲ့သော်လည်း စက်အတွင်းရှိ တာယာအမှုန့်များ အပူရှိန်ကျန်ရှိခဲ့ရာ အချိန်ကြာလာသည့်အခါ အပူချိန်မြင့်တက်လာရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ တစ်နာရီ​ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၁၂ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့သည်။

မီး​လောင်မှုကြောင့် တာယာအမှုန့်ကြိတ်စက် ၁ လုံးနှင့် တာယာအဟောင်းများ မီးလောင်ကျွမ်းခဲ့သဖြင့် တာယာဂိုထောင်ပိုင်ရှင် အသက် ၃၁ နှစ်အရွယ် တရုတ်နိုင်ငံသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *