November 15, 2024
1

၆. ၁၁. ၂၀၂၄
Written by Nyein Kyaw

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကျိုးတူ စီးပွားရေးနှင့် ကုန်သွယ်ရေး အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်း‌ဆောင်ရွက်ရန် မှာကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံအကျိုးတူ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန် ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ပေါင်းသင်းဆက်ဆံမှုကောင်းခြင်းသည် လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါသောကြောင့် ကောင်စစ်ဝန်ရုံးဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွား တိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာ၌ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုပြီး မိမိတို့နိုင်ငံတော်၏အကျိုးကို တတ်စွမ်းသည့်အပိုင်းမှ ဖော်ဆောင် သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ပညာတော်သင် တပ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန်လိုပြီး အမြဲမပြတ် လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးနှင့် အခြားသောအစည်းအဝေးများကို တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်၏ တာဝန်များကို ရေခြား၊ မြေခြား၌ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားနိုင်ရန်လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *