November 15, 2024
photo_2024-11-06_15-37-27

၆ .၁၁ .၂၀၂၄
Written by Hey

အရက်သေစာ သောက်စားထားပြီး အရက်ကြောင် ကြောင်နေတဲ့ အမျိုသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးနေတာကို ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၁၂ နာရီဝန်းကျင်က မွန်ပြည်နယ်၊ သထုံမြို့၊ ကွမ်းခြံတစ်ခြံအတွင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်၊ ပဲခူးစုပိုင်းနေ ကိုထွန်းနိုင် အသက်(၃၈)နှစ်ဟာ ရေတွင်းထဲပြုတ်ကျ သေဆုံးနေကြောင်း ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်းကို ဖုန်းဆက်အကူအညီတောင်းခံလာလို့ သွားရောက်ဆယ်ယူပေးခဲ့ရတာလို့ သိရပါတယ်။

အဆိုပါအသင်းက “သူက မနေ့က ညနေကတည်းက ပျောက်နေတာတဲ့။ အဲဒီလိုပဲ အရက်မူပြီး လျှောက်သွားနေကြလို့ သေဆုံးသူရဲ့ အမေက ပြောတယ်။ အမေဖြစ်သူကလည်း အသက် ၇၅ နှစ်တဲ့ နားလည်း လေးနေတယ်။ သူ့မှာ သားသမီး ရှစ်ဦး မွေးထားတာ။ အခုသေသူက အငယ်ဆုံးသား။ အဲ့ဒီသားနဲ့ပဲ သူအတူနေတာ။ ဘေးပတ်ဝန်းကျင်က ပြောပြတာက ဘုန်းကြီးကျောင်းကနေ အဘွားက သူ့သားအရက်သမားကို ဆွမ်းကျန်တောင်းကျွေးရတာ အတော်လည်း နွမ်းပါးပုံမို့ အသင်းက အလှူငွေပါ အဘွားအတွက်လှူဒါန်းပေးဖြစ်ခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။

သေသူရဲ့ ရုပ်အလောင်းကို ဖြစ်စဥ်နေရာကနေ ပဲခူးစုသုသာန်ဆီ ပီတိနှလုံးသား လူမှုကူညီရေးအသင်းကပဲ သွားရောက်ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *