၆.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးချုပ် ယို့ဗ်ဂယ်လန့်ဟာ စစ်ပွဲအချိန်ကာလအတွင်းမှာ အပြန်အလှန် ယုံကြည်အားထားရမှုမရှိလို့ ရန်သူကိုအထောက်အကူဖြစ်စေတယ်လို့ ပြောကြားကာ နိုဝင်ဘာလ ၅ ရက် ညနေပိုင်းမှာ တာဝန်က ဖယ်ရှားခဲ့တယ်လို့သိရပါတယ်။
ဂယ်လန့်ရဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီး အစ္စရေလ်ကာ့ဇ်နဲ့ အစားထိုးတာဝန်ယူစေကာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်တော့ ဌာနလက်ကိုင်မရှိဝန်ကြီး ဂိုတ်အွန်ဆားနဲ့ အစားထိုးသွားမယ်လို့လည်း သတင်းတွေကဆိုပါတယ်။
နိုဝင်ဘာလ ၅ ရက် ည ၈ နာရီမှာကျင်းပတဲ့ အစည်းအဝေးတစ်ခုအတွင်းမှာ ဂယ်လန့်ကို တိုတိုတောင်းတောင်းပဲ ရေးသားထားတဲ့ တာဝန်မှဖယ်ရှားတဲ့စာကို ပေးခဲ့ပါတယ်။ ဒီစာကို လက်ခံရရှိချိန်ကစလို့ ၄၈ နာရီအတွင်း ဂယ်လန့်ရဲ့ ရာထူးသက်တမ်းကုန်ဆုံးပြီလို့ နေတန်ရာဟုက အကြောင်းကြားခဲ့ပါတယ်။ စာမှာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်လို့အဆုံးသတ်ခဲ့ပါတယ်။
ဗီဒီယိုမှထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ နေတန်ရာဟုက “စစ်ပွဲရဲ့ပထမပိုင်းလတွေမှာ ကျွန်တော်တို့ အကြားအပြန်အလှန်ယုံကြည်အားထားရမှုရှိခဲ့ပေမယ့် နောက်ပိုင်းလတွေမှာ ကျွန်တော်နဲ့ ကာကွယ်ရေးဝန်ကြီးအကြား ယုံကြည်အားထားရမှုက ပျက်ပြားသွားခဲ့တယ်”လို့ နေတန်ရာဟုကပြောခဲ့ပါတယ်။
သူက စစ်ပွဲနဲ့ပတ်သက်လို့ စီမံခန့်ခွဲရာမှာ ဂယ်လန့်က အစိုးရအဖွဲ့ဆုံးဖြတ်ချက်တွေနဲ့ ကွဲလွဲဆန့်ကျင်တဲ့ ကြေညာချက်တွေနဲ့ ဆောင်ရွက်ချက်တွေပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါက အစ္စရေးနိုင်ငံရဲ့ ရန်သူတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ အထောက်အကူပေးခဲ့တာပဲလို့လည်း နေတန်ရာဟုက စွပ်စွဲပြောကြားသွားပါတယ်။
ဝန်ကြီးချုပ် နေတန်ရာဟုက ဂယ်လန့်ကို ကာကွယ်ရေးဝန်ကြီးအဖြစ်က ဖယ်ရှားမှုက အခုအချိန်က ဒုတိယမြောက်လည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မတ်လအတွင်းက ဂယ်လန့်က အစိုးရရဲ့ တရားရေးဆိုင်ရာပြင်ဆင်မှုစီမံချက်တွေ၊ ဥပဒေပြုတဲ့လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနောက် တစ်ရက်အကြာမှာ နေတန်ရာဟုက ဂယ်လန့်ကို တာဝန်ကဖယ်ရှားခဲ့ပါသေးတယ်။ ဒါပေမယ် တစ်လမပြည့်မီမှာပဲ ဂယ်လန့်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ပြန်လည်တာဝန်ပေးခဲ့ဖူးတာပါ။
ဌာနလက်ကိုင်မရှိဝန်ကြီး ဂိုတ်အွန် ဆားကတော့ အခုလို အစားထိုးမှုအတွက် လောလောဆယ် ဝေဖန်ပြောကြားတာတော့ မလုပ်သေးပါဘူး။ ဆားက သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဂယ်လန့်နေရာမှာတာဝန်ပေးတာကို ငြင်းခဲ့တယ်လို့ စက်တင် ဘာလတုန်းက ပြောခဲ့ဖူးပါတယ်။
အစ္စရေလ် ကာ့ဇ်ကတော့ သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ပေးတာကို ကြိုဆိုကြောင်းပြောခဲ့ပါတယ်။ ဒါပေမယ့် ဂယ်လန့်နဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာ ပြောကြားမှုမပြုခဲ့ပါဘူး။
Ref- The Times of Israel