November 14, 2024

◾ သတ်ဖြတ်ခံရသည့် နယ်မြေမှာ PDF များသာ လက်နက်ကိုင်ရာနေရာဖြစ်ပြီး သုံးလသမီးငယ်ကိုပါ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြ

◾ PDF နှင့် ပသုံးလုံး ကြီးစိုးနယ်မြေတွင် NUG ကျောင်းသား၊ ဆရာနှင့် တော်လှန်ရေးအဖွဲ့အစည်းများမှလူများ သတ်ဖြတ်ခံရမှု ၆ ဦးထက်မနည်းရှိလာနေသော်လည်း တစ်မှုမှ တရားခံမပေါ်

၆. ၁၁. ၂၀၂၄
Written by Nay Moe

NUG ဩဇာခံ PDF နှင့် ပသုံးလုံးလက်နက်ကိုင်များကြီးစိုးထိန်းချုပ်ရာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် NUG ၏ ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစု လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်အား ရှုတ်ချကြောင်းနှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု NUG၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာ ၄ ရက် ညပိုင်းက NUG ၏ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးသည် တပုန်းကျေးရွာနေအိမ်အတွင်း ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရကြောင်း၊ ထိုဖြစ်ရပ်အတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ဝမ်းနည်းကြောင်း NUG ၏ ပညာရေးဝန်ကြီးဌာန အသိပေးသဝဏ်လွှာတွင် ဖော်ပြထားသည်။

အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင် ရွက်နေသူ ဆရာနှင့်မိသားစုအား ယခုကဲ့သို့ တရားလက် လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနှင့်ပတ်သက်၍ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု NUG၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသည့် NUG ပညာရေးတာဝန်ခံ ဦးဝင်းဌေးသည် တပုန်းကျေးရွာတွင် တာဝန်ကျပြီး အိမ်ငှားနေထိုင်နေသူဖြစ်ကြောင်း၊ ဦးဝင်းဌေးမိသားစုနေထိုင်ရာ တပုန်းရွာသည် PDF လက်အောက်တွင်ရှိနေသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ အဆိုပါ တပုန်းရွာတွင် NUG ဩဇာခံ PDF နှင့် ပသုံးလုံးလက်နက်ကိုင်များသာ ကြီးစိုးထိန်းချုပ်ထားကြောင်းလည်း MT News က စုံစမ်းသိရသည်။

ဦးဝင်းဌေးမိသားစုနည်းတူ ဇူလိုင်လဆန်းကလည်း PDF ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသက်(၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦး လည်ပင်းလှီးဖြတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သလို မေလ ၂၃ ရက်ကလည်း ပုလဲပအဖခေါင်းဆောင် ဇော်ထက်အိမ်တွင် ပုလဲပလဖသတင်းပြန်ကြားရေးတာဝန်ခံ ပုလဲမောင် ရိုက်နှက်နှိပ်စက် ညှင်းပန်းအသတ်ခံခဲ့ရသည့်အပြင် ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးတာဝန်ခံ အသက် (၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အဆိုပါဖြစ်စဥ်အားလုံးလိုလိုမှာ NUG ၏ ပသုံးလုံးအဖွဲ့များ ကျုးလွန်သည်ဟု ဆန္ဒပြတောင်းဆိုမှုများရှိသော်လည်း ယနေ့အထိ တရားခံပေါ်ပေါက်ခြင်းမရှိချေ။

Leave a Reply

Your email address will not be published. Required fields are marked *