November 13, 2024
photo_2024-11-06_12-33-28

၆. ၁၁. ၂၀၂၄
Written by Nyein Kyaw

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး မော်တော်ယာဉ်များအားလုံးကို ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားသည်။

ပြီးခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခြေအနေများ တည်ငြိမ်မှုမရှိသည့် ကာလများအတွင်း ယာဉ်မှတ်ပုံတင် သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်မှုများအတွက် ယာဉ်စစ်ဆေးခံယူရခြင်းကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းသုံးယာဉ်များအားလုံးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှစ၍ ယာဉ်စစ်ဆေးပြီးမှသာ သက်တမ်းတိုး ဆောင်ရွက်ခဲ့သော်လည်း အိမ်စီးကားများကို ဆက်လက်ဖြေလျှော့ပေးထားခဲ့ခြင်းဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေး ကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းတို့နှင့် အကျုံးဝင်သည့်ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် (၂)တန်နှင့်အထက် အငှားယာဉ်များအား ယာဉ်စစ်ဆေး၍ သက်တမ်းတိုးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယခုအခါ ယာဉ်များကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မှတ်ပုံတင်မော်တော်ယာဉ်များအားလုံးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

သက်တမ်းတိုးခြင်းအတွက် ခရီးလွန်ယာဉ်စစ်ဆေးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)နှင့် (မန္တလေးမြောက်ပိုင်း) ရုံးများမှအပ ကျန်ရုံးများအားလုံးတွင် ယာဉ်ပြန် လည်စစ်ဆေးရမည့်ယာဉ်များအနက် သက်တမ်းတိုးယာဉ်များအတွက် ခရီးလွန်ယာဉ်စစ်ဆေးခြင်းအား ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်သည်။

လွိုင်ကော်၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်နှင့် ကော့ကရိတ်ရုံးများတွင် အခြားရုံးများမှ ယာဉ်များအား ခရီးလွန်ယာဉ်စစ်ဆေးခြင်းနှင့် ၎င်းရုံးများ၏ မှတ်ပုံတင်ယာဉ်များအား အခြားရုံးများ၌ ခရီးလွန်ယာဉ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခွင့်မပြုကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *