၆. ၁၁. ၂၀၂၄
Written by Nyein Kyaw
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုပြီး အဆင့်သတ်မှတ်ချက်များကို တိုးမြှင့်ပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်တွင် FATF ၏ အကြံပြုချက်များကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ကျန်ရှိသည့် အစီအမံ (Action Plan) များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) သို့ လေးလတစ်ကြိမ်တိုးတက်မှု အစီရင်ခံစာများပေးပို့ခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ တက်ရောက် ရှင်းလင်းဆွေးနွေးခြင်းနှင့် FATF မျက်နှာစုံညီအစည်းအဝေးများ တက်ရောက်ခြင်းတို့အား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့မှုများကြောင့် ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ် (၂) ခု၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ် ၁ ခု၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ် ၁ ခုနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ် ၄ ခုတို့သည် ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း (Largely Addressed) အဆင့်သို့ တိုးမြှင့်ရရှိခဲ့သဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ (Action Plan) ၁၅ ချက်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ၇ ချက်သာကျန်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement) တွင် မြန်မာနိုင်ငံသည် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန်အကြံပြုချက် ယခင် ၈ ချက်ရှိရာမှ ၆ ချက်သာ ကျန်ရှိခဲ့ပြီး အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence) စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ၂၀၀၇/ ၂၀၀၈ ခုနှစ်တွင် APG ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ရေးလုပ်ငန်းစဉ်အရ အကဲဖြတ်ခံရသည့်အချိန်တွင် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အကြံပြုချက် ၄၀+၉=၄၉ ချက်အနက် စံနှုန်းသတ်မှတ်ချက် ၄ ချက်သာ ကောင်းမွန်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အများပြည်သူသို့ ထုတ်ပြန်ကြေညာချက် (Public Statement) တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
FATF က ၂၀၂၂ ခုနှစ်တွင် အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်းသို့ မြန်မာနိုင်ငံအား ထည့်သွင်းသတ်မှတ်ခံရသည့် အကြောင်းအရင်းမှာ ၂၀၁၇/ ၂၀၁၈ ခုနှစ်တွင် APG မှ အကဲဖြတ်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန် အကဲဖြတ်ရေးအစီရင်ခံစာ (၂၀၁၈ ခုနှစ်) ၌ FATF ၏ အကြံပြုချက် ၄၀ ချက်အနက် ၁၇ ချက်သာ စံနှုန်းသတ်မှတ်ချက် ကောင်းမွန်ခဲ့သည့်အတွက်ဖြစ်သည်။ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်အရ အနည်းဆုံး အချက် ၂၀ စံနှုန်းသတ်မှတ်ချက်ကောင်းရန် လိုအပ်ကြောင်း သိရသည်။