November 5, 2024

◾️ လျှပ်စစ်ဓာတ်အားစီမံကိန်း ၄၉ ခုကို နှစ်အလိုက် ပြီးစီးနိုင်ရေးဆောင်ရွက်နေသလို ဖျက်ဆီးခံရမှုများ ပြုပြင်မှုပြီးစီးပါက ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားအပြည့် ဖြည့်ဆည်းဖြန့်ဖြူးနိုင်မည်

၅. ၁၁. ၂၀၂၄
Written by Nyein Kyaw

ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းနှင့် ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုရှိသည့် ဓာတ်အားပေးစက်ရုံများ ပြုပြင်ဆောင်ရွက်နေရ၍ လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။

လက်ရှိတွင် ရေအားလျှပ်စစ်စက်ရုံ ၃ဝ ခု၊ သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ၂၇ ခု၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ခု၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၈ ခုတို့မှ စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၂၄၈ မဂ္ဂါဝပ်အထိရှိသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် ၉ ရာခိုင်နှုန်းတိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း ၅၄၈၃ မဂ္ဂါဝပ် လိုအပ်သော်လည်း တပ်ဆင်အင်အားအတိုင်း စက်များအား စွမ်းအားပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိသည်။

သို့သော်လည်း ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ၁၄၈၇ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရခြင်းနှင့်အတူ သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာ ယခုကာလအတွင်း ၂၂၇ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသည်။ ထို့ကြောင့် ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုမှာ ၁၇၁၄ မဂ္ဂါဝပါခန့် အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိသည်။

ထို့ပြင် မကြာသေးမီကဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်သဖြင့် ရေအားဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတို့တွင် ရေဝင်ရောက်မှုများရှိခဲ့ပြီး ၎င်းစက်ရုံများမှ ရေစုတ်ထုတ်၍ ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများ ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ရသည့်အတွက် ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်နေရသည့် အခြေအနေများကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ ၅၆ ရာခိုင်နှုန်းရှိရာမှ ယခု ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ တွင် ၆၈ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာခဲ့သည်။ အဆိုပါ တိုးတက်လာသည့် သုံးစွဲမှုအရ ဓာတ်အားဖြည့်ဆည်းထုတ်လုပ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားစီမံကိန်း ၄၉ ခုအား နှစ်အလိုက်ပြီးစီးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။

အဆိုပါ စီမံကိန်းများမှာ ရေအားလျှပ်စစ်စီမံကိန်း ၇ ခု၊ သဘာဝဓာတ်ငွေ့စီမံကိန်းများ ၄ ခု၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ၁၀ ခု၊ ကမ်းရိုးတန်းလေအားလျှပ်စစ်စီမံကိန်း ၁၁ ခု၊ ကုန်းတွင်းလေအား လျှပ်စစ် စီမံကိန်း ၁၅ ခု၊ ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်း ၂ ခုတို့ဖြစ်သည်။

ထို့ပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများမှ ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက်လည်း ပြုပြင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသဖြင့် အဆိုပါစီမံကိန်းများနှင့် ဓာတ်အားလိုင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပြည်သူများ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း ဖြေကြားကြားထားသည်။

လက်ရှိအချိန်တွင် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်နိုင်သည့်အခြေအနေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အလိုက်ခွဲကာ နိုဝင်ဘာ ၅ ရက် ယနေ့မှစတင်ပြီး တစ်ရက်လျှင် နှစ်ကြိမ်ခွဲကာ ၈ နာရီ မီးဖြတ်မည်ဖြစ်ကြောင်း YESC မှ အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *