◾️ AI နည်းပညာ၊ UAV ၊ ဒရုန်းနည်းပညာနှင့် လူသားအစားထိုး စက်ရုပ်နည်းပညာဆိုင်ရာ သင်ကြားပို့ချနေမှုများကြည့်ရှုလေ့လာ
၅. ၁၁. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌသည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နှင့် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ သွားရောက်လေ့လာကြည့်ရှု့ခဲ့ကြသည်။
SAC ဥက္ကဋ္ဌနှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောလိပ်နှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီးနောက် ကောလိပ်ဆိုင်ရာအချက်အလက်များ၊ ကောလိပ်မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သက်မွေးပညာဘာသာရပ်များနှင့် နည်းပညာဆိုင်ရာဘာသာရပ်များ၊ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက်တွင် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်ပါတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး တက္ကသိုလ်ရှိ AI နည်းပညာစမ်းသပ်ခန်းအတွင်း တက္ကသိုလ်ဆိုင်ရာ ဆောင်ရွက်ချက်များအား ဗွီဒီယိုမှတ်တမ်းများ ဖွင့်လှစ်ပြသရှင်းပြသခဲ့သည်။
SAC ဥက္ကဋ္ဌသည် တက္ကသိုလ်အတွင်းရှိ UAV နှင့် ဒရုန်းနည်းပညာအသုံးပြု လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကင်းထောက်နိုင်မှုစွမ်းရည်များကို သင်ကြားပို့ချမှုဌာန၊ လူသားအစားထိုး အဆင့်မြင့်စက်ရုပ်နည်းပညာ အာရုံခံစနစ်အသုံးပြုမှုနည်းပညာ အသုံးချမှုစနစ်အား သင်ကြားပို့ချမှုဌာနတို့ကို လေ့လာကြည့်ရှု့ရာ တာဝန်ရှိသူများက လိုက်လံရှင်းပြခဲ့ကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် တက္ကသိုလ်ပါတီအတွင်းရေးမှူးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်သည် သမိုင်းကြောင်းအရ ၁၉၂၅ ခုနှစ်ကတည်း စတင်ခဲ့ပြီး ၁၉၅၄ ခုနှစ်ရောက်မှသာ တရားဝင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ နှစ်ပေါင်း ၇၀ ကျော်ဖြတ်သန်းမှုအပြီးတွင် ယူနန်ပြည်နယ်အတွင်း နိုင်ငံတကာကျောင်းသားများအတွက် အကောင်းဆုံးတက္ကသိုလ် ၂၀ ကျော်အနက် အဆင့် ၂ နေရာတွင် ရပ်တည်နေသော တက္ကသိုလ်တစ်ခုဖြစ်သည်။
မန္တလေးနည်းပညာ တက္ကသိုလ်(MTU)နှင့် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် (KUST)တိုအကြား ပူးပေါင်းဆောင်ရွက်ရန် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများရှိကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံသို့ ယနေ့ နံနက်ပိုင်းက ထွက်ခွာသွားသည့် SAC ဥက္ကဋ္ဌသည် တရုတ်နိုင်ငံသို့ စတင်ရောက်ချိန်၌ပင် ကူမင်းမြို့ရှိ Hualuxe hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။