November 5, 2024

MT News
၅. ၁၁. ၂၀၂၄

အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျစိစစ် တားဆီးနိုင်ရေး အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က သတိပေးပြောကြားသည်။

အဆိုပါ ပြောကြားမှုကို ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရောက်၍ လေဆိပ်ရှိ CIP Leunge အစည်းအဝေးခန်းမ၌ လေဆိပ်မှ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုတွေ့ဆုံကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာတတ်ကျွမ်းနားလည်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တွေ့ဆုံပြောကြားချိန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျစိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်းစာရင်း မရှိသူများကို မှားယွင်းတားဆီးမှုမရှိစေရေး အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရန်လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့် က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သု ဝဏ္ဏဘူမိလေဆိပ်သို့လိုက်ပါမည့် ခရီးသည် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်အား လေဆိပ် လူဝင်မှုကြီးကြပ်ရေး ကောင်တာ၌ စစ်ဆေးပြီးနောက် နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်း၍ နေအိမ်သို ပြန်လည်ပို့ဆောင်ခဲ့သည်။ ထိုဖြစ်ရပ်၌ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်၊ နိုင်ငံကူးလက်မှတ် (MH……)ကိုင်ဆောင်သူသည် အသက် ၆၁ နှစ်အရွယ်ရှိကာ မန္တလေး၊ အောင်မြေသာစံမြိုနယ်၊ မင်းတဲအီကင်းရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း ၊ ဦးအောင်ဆန်းဝင်းသည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းလေယာဉ်အမှတ် XY-ALP(E-190) ၊ ခရီးစဉ်အမှတ် 8M-337 (တံတားဦး) ဖြင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သိုလိုက်ပါရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇွန်လ ၂ ရက်က ရွှေစျေးကစားပြီး စီးပွားရေးမတည်ငြိမ်ဖြစ်စေရန် ဆောင်ရွက်ခဲ့သူ ၂၁ ဦးနှင့် နောက်ကွယ်မှ စေခိုင်းသူ နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊အကယ်ဒမီ အပါအဝင် ရွှေဆိုင်ပိုင်ရှင်များနှင့် ပွဲစား ၁၀ ဦးတို့ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဝရမ်းထုတ်ထားပြီး အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည်လည်း နောက်ကွယ်က ခိုင်းစေသူဖြစ်သဖြင့် ဖမ်း၀ရမ်းထုတ်ထားသလို အမည်မည်းစာရင်းသွင်းခံထားရသူဖြစ်သဖြင့် လူဝင်မှုကြီးကြပ် ရေးကောင်တာ၌စစ်ဆေးမှုခံယူစဉ် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားခံရသူ Black List စာရင်း၌ ပါဝင်နေ၍ နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်းကာ နေအိမ်သို ပြန်ပို့သည်မှာမှန်ကန်ကြောင်း သတင်းများ အတည်ပြုရေးသားခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျစိစစ်တားဆီးနိုင်ရေး အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *